ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၂၂ (မော်ကွန်း)
မုတ်သုန်ရာသီ ရေကြီးရေလျှံမှုကြုံခဲ့ရတဲ့ မြန်မာနိုင်ငံတစ်ဝှမ်းကမြို့တွေမှာ မြစ်ရေပြန်ကျလာနေပြီး စိုးရိမ်စရာမရှိတော့ဘူးလို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။
“မုတ်သုန်ထွက်တော့မယ်ဆိုတော့ မိုးလည်းပါးသွားမယ်။ မြစ်ရေတွေလျော့ကျသွားတော့မယ်။ လာမယ့်နိုဝင်ဘာဆိုရင်တော့မြစ်ရေကပုံမှန်တိုင်းပြန်ဖြစ်သွားတော့မှာပါ။ ဒါပေမယ့် အောက်တိုလမှာတော့ စစ်တောင်းမြစ်နဲ့ ပဲခူးမြစ်ကိုတစ်ချက်စောင့်ကြည့်ရဦးမယ်။” လို့သူကပြောပါတယ်။
ယခုသီတင်းပတ်ထဲမှာ ဧရာဝတီမြစ်၊ ဒုဌဝတီမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ကုလားတန်မြစ်၊ ဘီးလင်းမြစ်နဲ့ လေးမြို့မြစ်တွေဟာ လက်ရှိရေအမှတ်ထက် တစ်ပေကနေ သုံးပေအောက်ကျသွားနိုင်တယ်လို့ မိုးဇလကခန့်မှန်းထားပါတယ်။
ချင်းတွင်းမြစ်ရေ၊ မြစ်သာမြစ် နဲ့ တိုးမြစ်တွေ ကတော့ လက်ရှိရေအမှတ်အထက်တက်လာနိုင်ပေမယ့် စိုးရိမ်ရေအမှတ်တော့မရောက်နိုင်ဘူးလို့ ဦးလှထွန်းကပြောပါတယ်။
မြန်မာနိုင်ငံမှာ မုတ်သုန်ရာသီ ရေကြီးကာလတွေ ဟာ ဇူလိုင်၊ ဩဂုတ် နဲ့ စက်တင်ဘာတွေဖြစ်ပါတယ်။
ဩဂုတ်လအတွင်းမိုးများခဲ့ပြီး မြစ်ရေတက်မှုကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက လူဦးရေ ၈၀,၀၀၀ ကျော် ရေဘေးကြုံခဲ့ရပြီး အများစုဟာ အခုချိန်ထိ နေအိမ်တွေမပြန်နိုင်ကြသေးဘဲ ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။
ပုံစာ- စက်တင်ဘာ ၁၅ ရက်နေ့ ပဲခူးမြစ်ရေတက်မှုမြင်ကွင်း
ဓာတ်ပုံ- အနာဂတ်ကြယ်ပွင့်လူမှူကူညီရေးအသင်း
#Dailynews

