ရန်ကုန်- ၂၀၂၃ ဩဂုတ် ၂၂ (မော်ကွန်း)
ရခိုင်ကို အင်းအားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါ ဝင်ရောက်ဖျက်ဆီးသွားခဲ့တာ လေးလကျော်ခဲ့ပေမယ့် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသခံတွေကတော့ အခုထိအကူအညီတွေလိုအပ်နေဆဲဖြစ်ပြီး တချို့နေရာတွေမှာ အာဏာပိုင်တွေရဲ့ အထောက်အပံ့မရသလောက်ဖြစ်နေတယ်လို့ အကူအညီပေးနေသူတွေနဲ့ ဒေသခံတချို့က ပြောပါတယ်။
မုန်တိုင်းသင့်မြို့နယ်တစ်ခုဖြစ်တဲ့ ပေါက်တောမြို့နယ်ထဲက တံငါလုပ်ငန်းနဲ့အများစုအသက်မွေးကြပြီး လူဦးရေ ၄၀၀ ဝန်းကျင်နေထိုင်တဲ့ ကြိမ်ခွေမော်ရွာကဒေသခံတွေဆိုရင် မုန်တိုင်းဝင်ပြီးကတည်းက ဆန်နို့ဆီဗူးနှစ်ဗူး ထောက်ပံ့တာ တစ်ကြိမ်ကလွဲရင် ဘာအကူအညီမှမရသေးဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ အရင်တိုင်းပါပဲဗျာ၊ ဘာမှမထူးဘူး။ ပြီးခဲ့တဲ့လတွေတုန်းကတော့ အစိုးရက ဆန် တစ်အိမ်နှစ်ဗူးပေးတယ်။ အဲဒါကလွဲပြီး ဘာအထောက်အပံ့မှမရှိဘူး။ ကိုယ့်ဘာသာရှာဖွေစားနေရတာ။ ချောင်ကျနေလို့များ ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေက မတွေ့ဘဲကျော်ကျော်သွားတာလား မသိတော့ပါဘူး” လို့ သူကပြောပါတယ်။
မုန်းတိုင်းသင့်မြို့နယ်တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ပေါ်မှာတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြီးသလောက်ရှိနေပေမယ့် ကျေးလက်ဒေသတွေမှာတော့ အများကြီး လုပ်ပေးဖို့လိုသေးတယ်လို့ အဲဒီမြို့အခြေစိုက် လူမှုကူညီရေးအသင်းတာဝန်ခံက ပြောပါတယ်။
“ နယ်ဘက်တွေမှာ အခုထိလျှပ်စစ်မီးမရသေးတဲ့ရွာတွေ အများကြီးရှိသေးတယ်။ မိုခါမုန်တိုင်းကြောင့် စိုက်ခင်းတွေ ပျက်စီးသွားလို့ အစကပြန်စိုက်နေကြရတယ်” လို့ သူက ပြောတယ်။ ဒေသတွင်းက တချို့ရွာတွေဆီရောက်ဖို့ မိုးရာသီဖြစ်နေတာကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲလည်း ရှိနေတယ်လို့ သူက ဆိုတယ်။
မုန်တိုင်းဒဏ်ကို အပြင်းဆုံးခံခဲ့ရသလို မိုးတွင်းကာလ ရေလွှမ်းမိုးမှုဒဏ်ကိုပါ ခံရတာကြောင့် ရခိုင်ပြည်နယ်ဟာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ လိုအပ်နေတဲ့ဒေသလည်း ဖြစ်ပါတယ်။
ဒီလအစောပိုင်းတုန်းကတော့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr.Martin Griffiths ရောက်လာတဲ့အခါ ရခိုင်မှာ ပိတ်ထားတဲ့ခရီးသွားလာခွင့်တွေကို စစ်ကောင်စီကပြန်ဖွင့်ပေးခဲ့ပေမယ့် သူပြန်ပြီးတစ်ပတ်အကြာမှာ သွားလာခွင့်တွေပြန်ပိတ်လိုက်တယ်လို့ ဒေသတွင်းအကူအညီပေးသူတွေက ဆိုပါတယ်။
ဒါပေမဲ့ သူတို့အကြီးအကဲ ရောက်နေတဲ့ကာလ၊ အသွားအလာကန့်သတ်မှုကို ခဏပြန်ဖွင့်ပေးချိန်မှာ ရခိုင်ပြည်နယ်က အထောက်အပံ့လိုအပ်နေတဲ့ ရွာ ၁၂ ရွာကို စားနပ်ရိက္ခာအကူအညီတွေ ပေးနိုင်ခဲ့တယ်လို့ UNOCHA က ထုတ်ပြန်ထားတယ်။
ရခိုင်မြောက်ပိုင်းက ကျောက်တော်နဲ့ ပလက်ဝမြို့နယ်ကြားမှာရှိတဲ့ လူဦးရေ ၃,၀၀၀ ကျော်ခိုလှုံနေတဲ့ ညောင်ချောင်း စစ်ရှောင်စခန်းက အိမ် ၆၀၀ ကျော် ပြန်လည်မွမ်းမံပြင်ဆင်ဖို့အတွက် ပြီးခဲ့တဲ့သီတင်းနှစ်ပတ်ကျော်တုန်းက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က ထောက်ပံ့တဲ့ အိမ်ဆောက်ပစ္စည်းတွေရောက်ရှိလာတယ်လို့ ညောင်ချောင်း စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။
မုန်တိုင်းဒဏ်နဲ့ ရေလွှမ်းမိုးမှုဒဏ်ကြောင့် ဒုက္ခရောက်ပြီး အကူအညီလိုအပ်နေတဲ့နေရာတွေထဲ ဒီညောင်ချောင်းစခန်းလည်း ပါဝင်ပါတယ်။ ဒီစခန်းမှာ ခိုလှုံနေရတဲ့သူတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လစဉ် ထောက်ပံ့ကြေး ၃၀,၀၀၀ ကျပ် ပေးနေပေမယ့် ကုန်ဈေးနှုန်းကြီးလွန်းတာကြောင့် မလောက်ငဘူးလို့ စခန်းတာဝန်ခံက ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းက မိုးသည်းထန်စွာရွာပြီး ရေကြီးခဲ့တာကြောင့် ရခိုင်မှာ အိမ် ၂၈,၀၀၀ ကျော် ရေမြုပ်ပြီး စပါးစိုက်ဧက ၇၀,၀၀၀ ကျော် ပျက်စီးသွားတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရက္ခိုင်အမျိူးသားအဖွဲ့ချုပ်(ULA) က ထုတ်ပြန်ထားပါတယ်။
“ စစ်ကောင်စီက စပါးမျိုးစေ့တွေ ထောက်ပံ့တာ ရှိတယ်။ သူတို့ထောက်ပံ့တာတွေက ဒီက မျိုးစေ့နဲ့ မကိုက်ညီဘူး။ ဒီနှစ်တော့ စပါးအထွက်နှုန်းလျော့တာ၊ အချိန်နောက်ကျတာတွေဖြစ်လိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ အထွက်နှုန်းကောင်းအောင်၊ နောက်ပြီး စနစ်တကျ ဘယ်လိုစိုက်ကျမလဲဆိုတဲ့ ဆွေးနွေးဝိုင်းတွေ လုပ်သင့်တယ်” လို့ ပေါက်တောမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးက ပြောပါတယ်။
UNOCHA အဖွဲ့ကတော့ ရခိုင်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ULA နဲ့ စစ်ကောင်စီကြား အပစ်ရပ်ထားပေမယ့် စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ်တာ၊ စစ်ဆေးမေးမြန်းတာတွေကြောင့် လူသားချင်းစာနာမှုအကူအညီတွေပေးတဲ့အခါ ကြန့်ကြာနှောင့်နှေးမှုတွေ ကြုံနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေကတော့ လူသားချင်းစာနာမှုအကူအညီပေးနေသူတွေကို ပစ်မှတ်ထား ကန့်သတ်တာမျိုး စစ်ကောင်စီဘက်က မလုပ်ဖို့ တောင်းဆိုထားပါတယ်။
ပုံစာ- WFP မှ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မှာ စားနပ်ရိက္ခာထောက်ပံ့ပေးမှုမြင်ကွင်း
ဓာတ်ပုံ – World Food Programme Myanmar
#Dailynews

