ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၁၉ (မော်ကွန်း)
ဂိုဒေါင်တွေမှာသိုလှောင်မယ့်ဆန်စပါးပမာဏကို အသိပေးရမယ့်အချက်အပါအဝင် ဆန်ဂိုဒေါင်တွေအတွက် လိုက်နာရမယ့်စည်းကမ်းချက်တွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မနေ့ကထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဟာ ပြည်တွင်းက ဆန်ဂိုဒေါင်တွေကို မှတ်ပုံတင်ဖို့စီစဉ်နေပြီး အဆိုပါ သိုလှောင်ရုံမှတ်ပုံတင်ရေးအတွက် စည်းကမ်းချက်တွေကို ထုတ်ပြန်လာတာပါ။
အဆိုပါစည်းကမ်းချက်တွေထဲမှာ ပြည်တွင်းစားသုံးတဲ့ ဆန်စပါးတွေသိုလှောင်တဲ့ဂိုဒေါင်တွေအနေနဲ့ ပိုင်ရှင်အမည်၊ သိုလှောင်မယ့်ဆန်အမျိုးအစားနဲ့ပမာဏတွေကို ခွဲခြားတင်ပြရမယ့်အချက်လည်း ပါဝင်လာပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာစားသုံးတဲ့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧည်မထတို့အပါအဝင် ဆန်စပါးအမျိုးအစားအလိုက် စပါးတင်းအလိုက်၊ ဆန်အိတ်အရေအတွက်အလိုက် သိုလှောင်ထားရှိမှု အခြေအနေကို တင်ပြရမှာပါ။
ဒါ့အပြင် ဂိုဒေါင်ပိုင်ရှင်ရဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်၊ လိပ်စာတွေအပါအဝင် ဂိုဒေါင်တည်နေရာ၊ အကျယ်အဝန်း စတဲ့ အသေးစိတ်ဖော်ပြချက်တွေကိုလည်း ဖော်ပြရမယ်လို့ဆိုပါတယ်။
လက်ရှိထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေက ပြည်တွင်းစားသုံးတဲ့ဆန်တွေအတွက်ပဲဖြစ်ပြီး ပြည်ပတင်ပို့မယ့် ဆန်အမျိုးအစားတွေနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
လက်ရှိမှာတော့ ဆန်စပါးအသင်းချုပ်က ဆန်ဂိုဒေါင်စာရင်းတွေကိုလည်း ယခုရက်ပိုင်းမှာ စတင်ကောက်ယူနေပြီလို့ ပုသိမ်မြို့ကဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ ကြားသိသလောက်ကတော့ အခုက မှတ်ပုံတင်စနစ်နဲ့ပဲသိုလှောင်ခွင့်ပေးမယ်၊ ဈေးနှုန်းတွေကအစ သူတို့က ရည်ညွှန်းဈေးလိုမျိုး စပါးပေါက်ဈေးကအစ တွက်ပေးသွားမယ့်ပုံစံလုပ်လာတာပေါ့။
အဓိကတော့ ဈေးကစားဖို့ရည်ရွယ်ချက်နဲ့ သိုလှောင်နေတဲ့ကုန်သည်တွေမရှိတော့အောင်လုပ်လာတာ။ အခု မှတ်ပုံတင်စနစ်ကို အချို့ဒေသတွေမှာ လိုက်ကောက်နေပြီကြားတယ်” လို့ ပြောပါတယ်။
ဆန်ဈေးနှုန်းတွေမြင့်တက်လာပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးက ဆန်သိုလှောင်မှုတွေကို စာရင်းပြုစုသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြီးခဲ့တဲ့လပိုင်းက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စာရွက်စာတမ်းစနစ်နဲ့ ဂိုဒေါင်စာရင်းကို ကနဦးစတင်ကောက်ခံနေပြီး မကြာမီရက်ပိုင်းမှာ ဆန်စပါးဂိုဒေါင်စာရင်းတွေ လိုက်လံစစ်ဆေးသွားဖို့ရှိတယ်လို့ ဆန်စပါးအသင်းချုပ်က အသင်းဝင်တစ်ဦးက ပြောပါတယ်။
” အခုကတော့ စာရွက်နဲ့ပဲ Form တင်ပြီး စာရင်းပေးထားရမှာ။ နောက်ပိုင်းမှာ အွန်လိုင်းစနစ်နဲ့ မှတ်ပုံတင်လို့ရအောင် လုပ်နေတာရှိတယ်။ ဒီရက်ပိုင်းမှာလည်း ဂိုဒေါင်တွေကို စည်းကမ်းနဲ့ ညီမညီဆိုတာ စစ်ဆေးသွားဖို့ရှိတယ်” လို့ ၎င်းက ပြောပါတယ်။
ပုံစာ – ရန်ကုန်က ဆန်လက်ကားသိုလှောင်ရုံတစ်ခု
Photo – ACT
#Dailynews

