ရန်ကုန် – ၂၀၂၃၊ စက်တင်ဘာ ၁၅ (မော်ကွန်း)
ပဲခူးမြို့မှာ တစ်လကျော်ကြာပြီးနောက် ဒုတိယအကြိမ်မြစ်ရေထပ်တက်လာလို့ မြေနိမ့်ပိုင်းရပ်ကွက်က အိမ်ထောင်စု ၂၀၀ နီးပါးကို ကယ်ဆယ်ရေးစခန်းတွေကိုပို့ဆောင်ထားရတယ်လို့ ပဲခူးမြို့ကူညီကယ်ဆယ်ရေးအသင်းတာဝန်ခံကပြောပါတယ်။
“မြို့သစ် ဂ ရပ်ကွက်၊ ဇိုင်းတောင်၊ ကျွန်းသာယာ ကနေအိမ်တွေကို အခုပြောင်းရွှေ့ဖို့လုပ်နေတယ်။
လောလောဆယ် ဂ ရပ်ကွက်က အိမ်ထောင်စု ၁၉၇ စု၊ လူဦးရေ ၇၂၀ ကို ဆုတောင်းပြည့်ဘုန်းကြီးကျောင်းကိုရွှေ့ပြောင်းပေးထားတယ်။” လို့ ပဲခူးမြို့ကူညီကယ်ဆယ်ရေးအသင်းတာဝန်ခံက ပြောပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနကတော့ ပဲခူးမြစ်ရေဟာ လာမယ့် ၂၄ နာရီ အတွင်းမှာ စိုးရိမ်ရေမှတ်ကျော်မယ်လို့ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ပဲခူးမြို့ရဲ့မြေနိမ့်ပိုင်းရပ်ကွက်တွေကိုရေတက်လာလို့ နေအိမ်တွေရေမြုပ်သွားတဲ့ မြို့သစ် (ဂ) ရပ်ကွက်၊ မင်္ဂလာလမ်းက အိမ်ထောင်စုခုနစ်စု၊ လူဦးရေ ၂၇ ဦးကိုလည်း ဆွမ်းလောင်းဓမ္မာရုံတစ်ခုကိုပို့ဆောင်ပေးထားတယ်လို့ ကယ်ဆယ်ရေးအသင်းထံမှသိရပါတယ်။
နောက် ၂၄ နာရီအတွင်း ပဲခူးမြစ်ရေဟာ ထပ်တက်လာမှာဖြစ်လို့ ကယ်ဆယ်ရေးစခန်းတွေကိုလည်း ပြန်လည်ပြုပြင်နေကြတယ်လို့ဆိုပါတယ်။
ပဲခူးမြစ်ရေဟာ ဩဂုတ် ၈ ရက်တုန်းကလည်း ပဲခူးမြို့မှာ စိုးရိမ်ရေအမှတ်ကျော်ခဲ့လို့ လူဦးရေ တစ်သောင်းကျော်ဟာ ကယ်ဆယ်ရေးစခန်း ၃၂ ခုထံ ရေဘေးတိမ်းရှောင်ခဲ့ရတာပါ။
ဩဂုတ်လဆန်းပိုင်းကစလို့ မြန်မာနိုင်ငံတစ်ဝှမ်း ရက်ဆက်မိုးရွာသွန်းခဲ့သလို မြစ်ရေတက်လာတာကြောင့် ပဲခူးတိုင်းဒေသကြီးအပါအဝင် ရခိုင်၊ကရင်၊ မွန် နဲ့ တင်္နသာရီတိုင်းဒေကြီးမှာ လူပေါင်း ၈၀,၀၀၀ ကျော်ရေဘေးကြုံခဲ့ရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ယခုလ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပုံစာ- ပဲခူးမြို့၊ (ဂ) ရပ်ကွက်မှာ ရေကြီးရေလျှံမှုမြင်ကွင်း
ဓာတ်ပုံ- အနာဂတ်ကြယ်ပွင့်လူမှုကူညီရေးအသင်း
#Dailynews

