ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်ရင်း အခုလ ၄ ရက်က ဒေသခံနှစ်ဦး မြွေဆိုးကိုက်ခံရကာ တစ်ဦးဆေးကုသခွင့်မရလိုက်ဘဲ သေဆုံးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က မော်ကွန်းကိုပြောပါတယ်။
“အမျိုးသမီးတစ်ယောက်က စစ်ကြောင်းထိုးလို့ရှောင်ရင်းက ကိုက်ခံလိုက်ရတာ။ မြွေကိုက်ခံရပေမယ့် စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ ပစ်ခတ်စစ်ကြောင်းထိုးနေတော့ ပြေးရင်းလွှားရင်းသေသွားတာ။ ကုသဖို့လုပ်ဖို့ ခက်သွားတာပေါ့။ နောက်တစ်ယောက်ကတော့ ရှင်တယ်လို့ပြောတယ်။ ဒီလထဲတော့ ကိုက်ခံရတဲ့စာရင်း အသေးစိတ်တော့ မသိရသေးဘူး” လို့ သူကပြောပါတယ်။
မြွေကိုက်ခံရလို့ အသက်သေဆုံးခဲ့တဲ့အမျိုးသမီးဟာ ထန်းကုန်းတိုက်နယ်၊ အင်းလယ်ကြီးရွာက ၃၈ နှစ်အရွယ် မမာရီဆိုသူဖြစ်ပြီး အမျိုးသားတစ်ဦးကတော့ အချိန်မီဆေးကုသနိုင်ခဲ့တာကြောင့် အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း သူကပြောပါတယ်။
ကန့်ဘလူကျွန်းလှနယ်မှာ အဆိပ်ပြင်းမြွေအမျိုးအစားတွေဖြစ်တဲ့ မြွေပွေးနဲ့ မြွေဟောက်တွေပေါများပြီး စစ်ကောင်စီတပ်စစ်ကြောင်းထိုးလို့ ထွက်ပြေးချိန် မြွေကိုက်ခံရတဲ့စစ်ရှောင်ဦးရေ ပိုများလာပြီး မြွေဆိပ်ဖြေဆေးတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကလည်း ကန့်ဘလူနယ်မှာ မြွေဆိုးကိုက်ခံရတဲ့ စစ်ရှောင် ၁၁ ဦးအထိရှိခဲ့ပြီး နှစ်ဦး အသက်ဆုံးရှံးခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာတော့ ကန့်ဘလူနယ်ထဲကို စစ်ကောင်စီတပ်တွေ အခုလအစောပိုင်းကစပြီး မကြာခဏစစ်ကြောင်းထိုးတာကြောင့် အမြဲတမ်းစစ်ရှောင်ဦးရေ သုံးသောင်းဝန်းကျင်အထိရှိလာကာ စားနပ်ရိက္ခာ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ ထွက်ပြေးရင်း မြွေဆိုးကိုက်ခံရတဲ့ စစ်ရှောင်တစ်ဦး
ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
#Dailynews

