ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၇ (မော်ကွန်း)
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတင်ပို့နေတဲ့ လယ်ယာထွက်ကုန်တွေနဲ့ ရေထွက်ကုန်တွေကို စစ်တွေကုန်သွယ်ရေးစခန်းကနေပဲ ပြောင်းလဲတင်ပို့ရတော့မယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာတာကြောင့် ကုန်တင်ပို့နေသူတွေအနေနဲ့ အခက်အခဲတွေ ရှိလာတယ်လို့ ပြောပါတယ်။
အဆိုပါထုတ်ပြန်ချက်ကို ယခုလဆန်းပိုင်းက စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။
လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆံ၊ ကြက် သွန်နီ တို့အပါအဝင် ရေထွက်ပို့ကုန်တွေဖြစ်တဲ့ ရေချို၊ ရေငန် ငါးမျိုးစုံတို့ကို ယခုလကစပြီး စစ်တွေကုန်သွယ်ရေးစခန်းကပဲ တင်ပို့ရမယ်လို့ ထုတ်ပြန်ခဲ့ပါ။
ဘင်္ဂလားဒေ့ရှ်နဲ့ကုန်သွယ်မှုမှာ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက အနီးဆုံးလမ်းကြောင်းဖြစ်ပြီး ကုန်စည်အများစုကိုလည်း အဆိုပါလမ်းကြောင်းကနေတင်ပို့နေတာလို့ ရခိုင်ပြည်နယ်က ရေထွက်ပို့ကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။
မောင်တောနယ်စပ်ပို့ကုန်စခန်းကနေ ဘင်္ဂလားဒေ့ ရှ်နိုင်ငံဘက်ကို ကုန်စည်တင်ပို့ရာမှာ ရေကြောင်းခရီးစဉ် တစ်နာရီခန့်သာ ကြာမြင့်ပေမယ့် စစ်တွေဆိပ်ကမ်းကနေဆို ၂၄ နာရီနီးပါး ကြာမြင့်မှာဖြစ်လို့ ကုန်စည်တွေအတွက် အခက်အခဲရှိတယ်လို့ ရေချိုငါးတွေ တင်ပို့နေတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ ရေချိုငါးတွေ၊ ရေထွက်ကုန်တွေက မောင်တောဘက်ကပဲ အများစုသွားကြတာပါ။ အဓိက လမ်းခရီးက သက်သာလို့ မောင်တောဘက်ကပို့တာပေါ့။ စစ်တွေဘက်ကသွားမယ်ဆို ကုန်ကျစရိတ်က ၁၀ ဆ မက တက်သွားပြီ။ ပြီးတော့ ကုန်စည်တွေ ပုပ်သိုးနိုင်တဲ့အချိန်တွေကိုလည်း ထည့်တွက်ရတော့ ပိုပြီးခက်ခဲသွားမယ်” လို့ ၎င်းက ပြောပါတယ်။
မောင်တောနယ်စပ်ကုန်သွယ်ရေးအတွက် ယခုလ ၄ ရက်ကစပြီး ပို့ကုန်လိုင်စင်အသစ်တွေ မထုတ်ပေးတော့ဘဲ ယခင်က လက်ကျန်ကုန်ပစ္စည်းတွေပဲ ဖြတ်သန်းခွင့်ပေးတော့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ကုန်သွယ်ရေးဇုန်အပြောင်းအလဲပြုလုပ်ရတဲ့ အကြောင်းရင်းကိုတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။
မောင်တောနယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူတစ်ဦးကတော့ “သူတို့က စစ်တွေက ဆိပ်ကမ်းအသစ်မှာ ကုန်သွယ်စေချင်တယ်။ ဒါပေမယ့် ကုန်သွယ်မှုအများစုက မောင်တောကပဲ ဖြတ်ကြတာ။ စစ်တွေမှာ မရှိသလောက်နည်းတယ်။ အဲ့ဒါကြောင့်စစ်တွေဆိပ်ကမ်း ကုန်သွယ်မှုများလာအောင်လုပ်တာပေါ့။ ကုန်သည်တွေကတော့ အခက်အခဲဖြစ်တာပေါ့” လို့ ပြောပါတယ်။
မောင်တောကုန်သွယ်ရေးစခန်းကို အငူမော်-မောင်တောလမ်းကြောင်း၊ ဘူးသီးတောင်-မောင်တော လမ်းကြောင်းတို့ကနေ ကုန်ပစ္စည်းတွေ အဓိက ဝင်ရောက်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နေတာပါ။
ယခုဘဏ္ဍာနှစ် လေးလတာ ကာလအတွင်းမှာ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းကနေ ကန်ဒေါ်လာ ၂ ဒသမ ၅၂ သန်း ကုန်သွယ်မှုရှိခဲ့ပြီး စစ်တွေ ကုန်သွယ်ရေးစခန်း (ရွှေမင်းဂံ ဆိပ်ကမ်း) မှ ကန်ဒေါ်လာ ၁ ဒသမ ၉၃ သန်းဖိုး ကုန်သွယ်ထားတယ်လို့ ရခိုင်ပြည်နယ် ကုန်သည်စက်မှုအသင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရေချိုငါးပို့ကုန်အမှာတွေ ကျဆင်းသွားပြီး ပြည်တွင်းထွက် ချင်းဝယ်လိုအားတော့ မြင့်တက်နေတာဖြစ်ပါတယ်။
ပုံစာ – မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း
Photo – RSCCI
#Dailynews

