ကန့်ဘလူ-၂၀၂၃ ဩဂုတ် ၃၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်က သရက်ခေါင်းကျေးရွာကို စစ်ကောင်စီတပ်တွေ ဒီနေ့ မနက်အစောပိုင်း ၂ နာရီဝန်းကျင်က လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံတွေထွက်ပြေးနေရပြီး ရွာထဲမှာ ပိတ်မိနေသူတွေ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
“ရုတ်တရက်ရွာကို ဝင်စီးတာ။ ဘာအကြောင်းပြချက်နဲ့စစ်ကြောင်းထိုးတာတော့ ကျွန်တော်တို့လည်း ရေရေရာရာ မသိရဘူးပေါ့။ တချို့ရွာသားတွေပိတ်မိတယ်လို့ကြားတယ်။ တချို့လည်း ဖမ်းခံရတယ်။
ကျွန်တော်တို့ကြားရသလောက်ဆို အသတ်ခံရတာတွေလည်းရှိတယ်။ လောလောဆယ်တော့ သတင်းက အတည်ပြုလို့မရသေးဘူးဖြစ်နေတာပေါ့” လို့ လက်ရှိအခြေအနေကို သူကပြောပါတယ်။
သရက်ခေါင်းရွာကို ရုတ်တရက်စီးနင်းတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကန့်ဘလူနယ်ထဲကို မကြာခဏစစ်ကြောင်းထိုးတဲ့ ခမရ-၃၆၁ ဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ သရက်ခေါင်းကျေးရွာဝန်းကျင်မှာ ရွာတွေကိုမီးရှို့တာ၊ ဒေသခံတွေကို အကြောင်းမဲ့သတ်ဖြတ်တာ၊ ရွာထဲက အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားတတ်တဲ့ စစ်ကြောင်းဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ အင်အား ၁၅၀ ဝန်းကျင်ရှိပြီး ဒီနေ့မနက် ၁၀ နာရီဝန်းကျင်အထိ သရက်ခေါင်းရွာအနီးမှာ ရှိနေဆဲဖြစ်တာကြောင့် ရွာထဲက အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။
“အသေးစိတ်တော့ စုံစမ်းခိုင်းထားတုန်းပဲရှိပါသေးတယ်။ ကျွန်တော်တို့အခုကြားနေတာ တစ်ယောက်ကတော့ အသတ်ခံလိုက်ရတယ်လို့ကြားတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာမှအတည်ပြုလို့မရသေးဘူး” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
သရက်ခေါင်းရွာကို ရုတ်တရက်စီးနင်းခံလိုက်ရတာကြောင့် သရက်ခေါင်းရွာဒေသခံတွေအပြင် အနီးနားက ဖလံချိုင်၊ တောင့်တည်းကုန်း၊ ညောင်ဇင်ကြီး၊ ကိုးမြို့၊ ဘိုတဲကုန်း၊ မကုန်း၊ ပေလည် စတဲ့ရွာတွေအပြင် ဇီးကုန်းတိုက်နယ်က သိုးဘိုး၊ ငါးရာနဲ၊ မင်းဘာ၊ လက်ထုပ်ကုန်း၊ ရေငတ်ကုန်း၊ သရက်ကန်ကြီး စတဲ့ရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၄ ရွာကျော်က ဒေသခံတွေထွက်ပြေးနေရပါတယ်။
လက်ရှိအချိန်မှာ အဲဒီကျေးရွာ ၁၄ ရွာကျော်က ဒေသခံစစ်ရှောင် နှစ်သောင်းကျော်အတွက် အမိုးအကာ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ခုခံတော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို အခုလအတွင်း မကြာခဏစစ်ကြောင်းထိုးနေပြီး မနေ့ကလည်း ယင်းမာပင်မြို့နယ်ထဲက ပတိမ်ပြင်နဲ့ အင်းဖျားရွာကို စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ အခုလ ၁၄ ရက်အထိ နောက်ဆုံးကိန်းဂဏန်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ၁ ဒဿမ ၆ သန်းကျော်အထိရှိလာပြီလို့ သိရပါတယ်။
#Dailynews

