ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့မှာချင်းတွင်းမြစ်ရေတက်လာလို့ အိမ်ခြေ ၆၀ နီးပါးရေမြုပ်နေတယ်လို့ ဖောင်းပြင်မြို့နယ်လူမှုကူညီရေးအသင်းထံမှသိရပါတယ်။
“မြေနိမ့်ပိုင်းရပ်ကွက်နှစ်ခုက အိမ်ခြေ ၆၀ လောက်ကရေမြုပ်နေပြီ။ ရေကခါးလောက်ရောက်နေတယ်။”လို့ဖောင်းပြင်မြို့နယ်လူမှုကူညီရေးအသင်းတာဝန်ခံကပြောပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ဖောင်းပြင်မြို့မှာ ချင်းတွင်းမြစ်ရေဟာ ၂၄ နာရီအတွင်း စိုးရိမ်ရေအမှတ်အထက် တစ်ပေကျော်တက်ဖို့ရှိတယ်လို့ ပြီးခဲ့တဲ့နာရီပိုင်းကထုတ်ပြန်ပါတယ်။
စိုးရိမ်ရေအမှတ်ကျော်လွန်နေတဲ့ မြစ်အနီးအနားနေထိုင်သူတွေအနေနဲ့လည်း နီးစပ်ရာကယ်ဆယ်ရေးစခန်းတွေကို အမြန်ဆုံးတိမ်းရှောင်သင့်တယ်လို့ မိုးဇလညွှန်ကြားရေးမှူးဦးလှထွန်းကပြောပါတယ်။
အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းမှာ နေရာစိပ်စိပ်မိုးများနေတာကြောင့် အခုလိုမြစ်ရေတက်လာတာလို့ ဒေသခံတွေကပြောပါတယ်။
လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကလည်း ဖောင်းပြင်မြို့မှာ မြစ်ရေတက်လာလို့ အိမ်ခြေရာနဲ့ချီရေမြုပ်ခဲ့ပါသေးတယ်။
ရေကြီးမှုကြုံနေရတဲ့ဖောင်းပြင်မြို့မှာ အင်တာနက်အသုံးပြုလို့မရတာ ခြောက်လကျော်ရှိလာပြီးဆက်သွယ်ရေးနဲ့သတင်းအချက်အလက် လက်လှမ်းမှီမှုမှာလည်း အကန့်အသတ်တွေရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။
ဖောင်းပြင်မြို့နယ်မှာ ကျေးရွာ ၁၇၀ ကျော်၊ အိမ်ခြေ ၁၇,၀၀၀ ကျော် နဲ့ လူဦးရေ တစ်သိန်းကျော်နေထိုင်ကြပြီး တောင်ယာလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပါတယ်။
ဖောင်းပြင်မြို့နယ်ဟာ မုတ်သုန်ရာသီရောက်တိုင်းရေဘေးဒဏ်ကို ခဏခဏကြုံရပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၁၉ အထိကောက်ယူထားတဲ့စာရင်းတွေအရ ဖောင်းပြင်မြို့နယ်ဟာ ရေဘေးဒဏ်သာမက လေဘေးဒဏ်ပါ ခြောက်ကြိမ်တိတိကြုံခဲ့ရတယ်လို့ ဖော်ပြပါတယ်။
လေဘေးကြောင့် ဖောင်းပြင်မြို့နယ်မှာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကာ အဆောက်အဦတစ်ရာကျော် အမိုးလန်ပျက်စီးခဲ့ပြီး ဘာသာရေးအဆောက်အဦးတစ်ခုနဲ့ စေတီတစ်ဆူထီးတော် မြေခခဲ့တယ်လို့ အဲ့ဒီစာရင်းတွေမှာဖော်ပြပါတယ်။
အခုလဆန်းပိုင်းကစလို့ မြန်မာနိုင်ငံတစ်ဝှမ်း ရက်ဆက်မပြတ်မိုးရွာသွန်းခဲ့သလို ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်နဲ့ဘီးလင်းမြစ်တွေ မြစ်ရေတက်လာမှုကြောင့် မြို့ပေါင်း ၁၀ မြို့ကျော်မှာရေကြီးရေလျှံမှုတွေဖြစ်ပွါးခဲ့ပါတယ်။
ဒီလိုမြစ်ရေတက်မှုကြောင့် မြန်မာနိုင်ငံရဲ့အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ ပဲခူး၊ကရင်၊မွန် နဲ့ တနင်္သာရီတိုင်းဒေသကြီး အတွင်းက မြို့နယ် ၁၆ ခုမှာလည်း ဒေသခံငါးသောင်းဝန်းကျင်ဟာ ရေဘေးဒဏ်ကြုံတွေ့ခဲ့ရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကဩဂုတ် ၁၆ ကထုတ်ပြန်ထားပါတယ်။
#Dailynews

