ရန်ကုန်-၂၀၂၃ ဩဂုတ် ၂၅ (မော်ကွန်း)
ရန်ကုန်တိုင်းအတွင်းက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေဟာ အခုလပိုင်းကစပြီး ဧည့်စာရင်းစစ်တာ၊ ဧည့်စာရင်းမတိုင်လို့ဖမ်းဆီးတာတွေ နေ့စဉ်နီးပါးလုပ်ဆောင်လာနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
“ကျွန်တော်က သန်းခေါင်စာရင်းလဲရှိတယ်။ အိမ်မှာ အတူနေတဲ့တစ်ယောက်က ဧည့်စာရင်းတိုင်မထားမိတော့ ကျွန်တော့်ကို အိမ်ထောင်ဦးစီးဆိုပြီး ခေါ်သွားတာ။ ရဲစခန်းမှာ တစ်ညအိပ်လိုက်ရတယ်။ အဲဒီညက ရပ်ကွက်ထဲက ၁၀ ယောက်ကျော်နဲ့ တခြားရပ်ကွက်တွေက ဖမ်းလာတာတွေလည်း အများကြီးပဲ။ သူတို့ပြောတာတော့ စီမံချက်အနေနဲ့ မြို့နယ်တွေလိုက်ဖမ်းတာ။ စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်လို့ ဧည့်စာရင်းမတိုင်ရင် မင်းတို့ကို ဧည့်စာရင်းဥပဒေနဲ့ ထောင်ချလို့ရတယ်။ ဧည့်စာရင်းတိုင်ကိုတိုင်ရမယ်ပြောတယ်” လို့ ဧည့်စာရင်းစစ်ချိန်ဖမ်းဆီးခံရတဲ့ တောင်ဒဂုံမြို့နယ်နေထိုင်သူတစ်ဦးကပြောပါတယ်။
ဧည့်စာရင်းစစ်ခံရချိန်မှာ မချေမငံပြောဆိုမိတာတွေရှိရင်လည်း စစ်ကောင်စီတပ်သားတွေက ထိုးကြိတ်ရိုက်နှက်တာတွေ လုပ်တယ်လို့ သူကဆက်ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ နေထိုင်ကြတဲ့ ခုခံတော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းကလာတဲ့ ဒေသခံတွေဟာ ဧည့်စာရင်းတိုင်ရာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို ပိုက်ဆံပေးရတာတွေနဲ့ ဧည့်စာရင်းဖွင့်မပေးချင်တာမျိုးတွေကြုံနေရတယ်လို့ ဆိုကြပါတယ်။
“၅/နဲ့ ၈/ တွေဆို ဧည့်စာရင်းအသစ် ဖွင့်မပေးချင်ကြဘူး။ သူတို့ကြောက်လို့နေမှာ။ ဒီရက်ပိုင်းကပဲ ဧည့်စာရင်းသွားတိုင်တော့ ရပ်ကွက်ရုံးက စာရေးက ၅/ဖြစ်နေလို့ မတက်သာလို့ ဧည့်စာရင်းဖွင့်ပေးလိုက်ရတယ်ဆိုတဲ့ပုံစံမျိုးပြောတယ်။ ပိုက်ဆံတစ်သောင်းလည်းပေးရတယ်။ ဧည့်စာရင်းရက်ပြည့်လို့ လာမတိုင်ဘူးဆို ဖမ်းခံရမယ်လို့ ပြောလိုက်တယ်” ရန်ကင်းမြို့နယ်မှာနေထိုင်တဲ့ စစ်ကိုင်းတိုင်းက ဒေသခံတစ်ဦးက ပြောပါတယ်။
တာမွေမြို့နယ်အတွင်းက ရပ်ကွက်တစ်ခုမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖြစ် လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်နေတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးက ဧည့်စာရင်းစစ်တာဟာ စစ်ကောင်စီတပ်တွေခိုင်းတဲ့အတိုင်းလုပ်ရတာဖြစ်တယ်လို့ ပြောပါတယ်။
“တကယ်တမ်းက ဧည့်စာရင်းက ကျွန်တော်တို့စစ်တာမဟုတ်ဘူး။ သူတို့(စစ်ကောင်စီတပ်)က ဘယ်လမ်းရောက်နေပြီ၊ ခင်ဗျားအခုလာပါဆိုခေါ်ရင် အချိန်မရွေးသွားရတာ။ ရပ်ကွက်ထဲကလူတွေက ကျွန်တော်က စစ်တပ်ခေါ်စစ်တယ်ထင်ပြီး အမြင်မကြည်ကြဘူး။ တကယ်က ကျွန်တော်စစ်တာမဟုတ်ဘူး။ သူတို့(စစ်တပ်)ခိုင်းတဲ့အတိုင်းလုပ်နေရတာဗျာ” လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေဟာ မကြာခဏဆိုသလို ဧည့်စာရင်းအကြောင်းပြပြီး နေအိမ်တွေ ဝင်ရောက်ရှာဖွေတာ၊ ဖုန်းတွေစစ်တာ၊ ဧည့်စာရင်းမတိုင်ရင် ဖမ်းဆီးပြီး ငွေနဲ့ပြန်ရွေးခိုင်းတာတွေလည်း လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ရန်ကုန်တိုင်းထဲက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်(တောင်၊ မြောက်၊ ဆိပ်ကမ်း) နဲ့ မြောက်ဥက္ကလာပ စတဲ့ မြို့နယ်ခြောက်ခုကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းရေးတို့ကို ပိုမိုထိရောက်စွာဆောင်ရွက်ဖို့ဆိုပြီး ၂၀၂၁ မတ်လ ၁၄ ရက်ကစပြီး စစ်အုပ်ချုပ်ရေးကြေညာခဲ့တာပါ။
ပုံစာ-ဧည့်စာရင်းစစ်နေသည့် စစ်ကောင်စီလက်အောက်ခံရဲများ
Photo – MOI
#Dailynews

