ခင်ဦး-၂၀၂၃ ဩဂုတ် ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ မနေ့ကစပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးရင်း တစ်ဦးအမောဖောက်သေဆုံးသွားတယ်လို့ ခင်ဦးဒေသခံတွေကမော်ကွန်းကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးစဉ် လက်နက်ကြီးလက်နက်ငယ်တွေ တရစပ်ပစ်တာကြောင့် ကြောက်လန့်တကြားပြေးရင်း အမောဖောက်ကာ နှလုံးရပ်သေဆုံးတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူက အတည်ပြုပါတယ်။
“သူတို့ပစ်တော့ သက်ကြီးရွယ်အိုတွေကော၊ ကိုယ်ဝန်ဆောင်မိခင်တွေကော၊ ကလေးတွေကော ဝရုန်းသုန်းကား ထွက်ပြေးရတာ။ ရာသီဥတုက မကောင်းဘူး၊ မိုးရွာထားတဲ့အတွက် အခက်အခဲတွေကြုံနေတဲ့ကြားထဲက ပြေးရတာဆိုတော့ စစ်ကြောင်းက သူတို့နောက်ကနီးလာပြီဆိုပြီး ပြေးရင်းနဲ့ အမောဖောက်ပြီးဆုံးသွားတာ” လို့ သူကပြောပါတယ်။
အမောဖောက်သေဆုံးသွားတဲ့ ခင်ဦးဒေသခံဟာ အသက် ၅၇ နှစ်အရွယ်ရှိတဲ့ မရမ်းအင်းကျေးရွာသား ဦးတင့်ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၄ ရက်ကလည်း မရမ်းအင်းရွာက အသက် ၆၆ နှစ်အရွယ် အဖွားအိုတစ်ဦးလည်း စစ်ရှောင်ရင်း အမောဖောက်သေဆုံးခဲ့ပါသေးတယ်။
အင်အား တစ်ရာကျော်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ခင်ဦးနယ် အနောက်တောင်ခြမ်း အမှတ် ၂ တိုက်နယ်အတွင်းကနေ စစ်ကြောင်းထိုးခဲ့လို့ ဒေသခံ တစ်သောင်းဝန်းကျင် မိုးထဲရေထဲကနေ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီနေ့အထိ နေရပ်မပြန်နိုင်သေးဘဲ ရှောင်နေရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ခင်ဦးနယ်ထဲက အောင်သာ၊ အင်းပေါက်၊ မရမ်းအင်း၊ ကုန်းသာ၊ သဲကုန်းကြီး၊ ဒါန်းကုန်း၊ မှန်တော၊ သိမ်တော်၊ ကျွန်းဆွယ်၊ ကျွန်းလယ်၊ ကြာပင်အိုင်စတဲ့ရွာတွေက ဒေသခံတွေ ဒီနေ့အထိ မိုးထဲရေထဲမှာ စစ်ရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ပုံစာ-စစ်ရှောင်ရင်းအမောဖောက်သေဆုံးတဲ့စစ်ရှောင်တစ်ဦးနဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေကြောင့် ထွက်ပြေးနေရတဲ့ ခင်ဦးဒေသခံများ
ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

