ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၂၃ (မော်ကွန်း)
ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း ဘေးတွဲဆိုင်ကယ်တွေအပြင် မော်တာတပ်ထားတဲ့လျှစ်စစ်စက်ဘီးတွေကိုပါ စစ်ကောင်စီကဖမ်းဆီးမှုတွေလုပ်လာနေတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။
“မော်တာတပ်ထားတဲ့ဘီးတွေမှန်သမျှအကုန်ဖမ်းတာပါ။ ဆိုက်ကယ်ကောစက်ဘီးကော။ ရန်ကုန်သစ်ရပ်ကွက်ထဲမှာ ဘေးတွဲဆိုင်ကယ်နဲ့မော်တာစက်ဘီးတွေ ဒီရက်ပိုင်းအတွင်းအဖမ်းမခံရဘူးဆို အနည်းဆုံး သုံးစီးလောက်ပါသွားတယ်“ လို့သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
အာဏာမသိမ်းမီက သူတို့ရပ်ကွက်မှာ ဘေးတွဲဆိုင်ကယ်တွေကိုဖမ်းဆီးတာတွေမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့လပိုင်းကစတင်ကာ ရပ်ကွက်လမ်းကြိုလမ်းကြားတွေအထိဝင်ရောက်ပြီး ဆိုင်ကယ်ကောစက်ဘီးပါ ဖမ်းဆီးတာတွေလုပ်လာတာလို့သူကပြောပါတယ်။
ရန်ကုန်မြို့အတွင်းက ဆိုင်ကယ်အစီးများတဲ့ သုဝဏ္ဏ၊ သာကေတ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ အဖမ်းအဆီးတွေရှိတယ်လို့ အဲဒီမြို့နယ်တွေမှာနေထိုင်သူတွေကပြောပါတယ်။
ဒီလိုဖမ်းဆီးမှုတွေလုပ်တဲ့အခါ စစ်ကောင်စီတပ်သားတွေက အုပ်စုလိုက်ဝင်ဖမ်းတာရှိသလို ယာဉ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးတာတွေလည်းရှိတယ်လို့ဆိုပါတယ်။
သာကတေမြို့နယ်မှာနေထိုင်သူတစ်ဦးက “လူတော့မဖမ်းဘူးဗျ၊ ဆိုင်ကယ်တွေ့ရင်ဆိုင်ကယ်ယူသွားတာ။ ပြီးမှစခန်းမှာဘယ်လောက်လောက်နဲ့လာရွေးဆိုပြီးလုပ်တာ။” လို့သူကပြောပါတယ်။
ဒီလိုဖမ်းဆီးမှုတွေလုပ်နေတာကြောင့် နေ့စဉ်စားဝတ်နေရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေရှိတယ်လို့ ဘေးတွဲဆိုင်ကယ်နဲ့ ရေသန့်ဗူးပို့သူတစ်ဦးကပြောပါတယ်။
“မနက်ပိုင်းလောက် ရေမိုးချိုးထမင်းစားပြီးရေသန့်ပို့မယ်လုပ်တော့ ဆိုင်ကယ်တွေဖမ်းနေတယ်အကုန်ပြန်သိမ်းကြဟေ့ဆိုရင် ပြေးရပြန်ရော။ဒီလိုမျိုးက အခေါက်ပေါင်းမနည်းတော့ဘူး။ အဲ့ချိန်ကျ ရေသန့်ဗူးကမပို့ရတော့ပြန်ဘူး။ အခေါက်ရေလည်းအများကြီးမရတော့ ပိုက်ဆံကရသင့်သလောက်မရဘူးပေါ့။ ကြာလာတော့ဝင်ငွေပါလျော့လာတာပေါ့ဗျာ။” လို့သူကပြောပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ဒလမြို့နယ်မှာလည်း ကမာကဆစ်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးပစ်သတ်ခံရပြီးနောက် မေလ ၂၇ ရက်ကစတင်ကာ ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ခဲ့ပြီး တစ်နှစ်ကျော်ကြာလာတဲ့အထိ ဆိုင်ကယ်ဆီးနင်းခွင့်မပြုသေးပါဘူး။
စစ်ကောင်စီဟာရန်ကုန်မြို့မှာ အခုလိုစက်ဘီး၊ဆိုင်ကယ်ဖမ်းဆီးမှုတွေများလာသလို လုံခြုံရေးတင်းကြပ်မှုတွေလည်း ပိုပြီးတိုးလာနေပါတယ်။
ဧည့်စာရင်းတိုင်မယ်ဆိုရင်လည်း အရင်လို့မှတ်ပုံတင်ပေးရုံနဲ့မရတော့ပါဘူး။ သာကေတနဲ့တာမွေမြို့နယ်တွေမှာ ဧည့်စာရင်းတိုင်မယ်ဆို ကိုယ်လုံးအပြည့်ဓာတ်ပုံနှစ်ပုံနဲ့ အလုပ်အကိုင်အပြည့်အစုံပါထည့်ပေးရတယ်လို့ အဲဒီမြို့နယ်တွေမှာနေထိုင်သူတွေကပြောပါတယ်။
စစ်ကောင်စီဟာ မြေပြင်မှာလည်းအဖမ်းအဆီးတွေပိုလုပ်လာနေသလို ဒစ်ဂျစ်နည်းပညာအသုံးပြုပြီး လူထုကိုဖိနှိပ်နေတယ်လို့ နွေဦးလုံခြုံရေးဒစ်ဂျစ်တယ်ဆေးခန်းက သုံးသပ်ထားပါတယ်။
ပုံစာ-သင်္ဃန်းကျွန်းမြို့နယ်၊ ကမာကြည်လမ်းပေါ်တွင်ခရီးသည်ပို့ဆောင်နေသည့်ဘေးတွဲဆိုင်ကယ်တစ်စီး
ပုံ- Mawkun
#Dailynews

