ရန်ကုန်-၂၀၂၃ ဩဂုတ် ၁၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်းမှာ နှစ်ပတ်အတွင်း မြွေဆိုးကိုက်ခံရတဲ့ စစ်ဘေးရှောင်ပြည်သူ သုံးဦးရှိတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
မြွေဆိုးကိုက်ခံရသူတွေဟာ အခုလ ၅ ရက်က ကိုးတောင်ဘို့တိုက်နယ်က အမျိုးသားတစ်ဦး၊ ၁၁ ရက်က မိဿလင်ကုန်းရွာက အမျိုးသမီးတစ်ဦးနဲ့ အင်းပုတ်ကျေးရွာက အမျိုးသားတစ်ဦးတို့ဖြစ်ပြီး အချိန်မီဆေးကုသမှုခံယူခဲ့ရတာကြောင့် အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။
ကန့်ဘလူခရိုင်ထဲမှာ မကြာခဏဆိုသလို မြွေပွေး၊ မြွေဟောက် စတဲ့မြွေဆိုးကိုက်ခံရသူတွေရှိနေပြီး မြွေဆိပ်ဖြေဆေးလိုအပ်ချက်လည်းရှိတယ်လို့ ကန့်ဘလူဒေသခံတစ်ဦးက ပြောပါတယ်။
“ မြွေကိုက်ခံရသူများတော့ ဆေးကအမြဲတမ်းလိုအပ်ချက်ရှိတယ်။ စစ်တပ်က မထင်ရင်မထင်သလိုဖမ်းတော့ မြို့ပေါ်တက်ဆေးကုဖို့ကလည်း မလွယ်ဘူး။ ဆေးကုတာနောက်ကျလို့ အသက်သေသွားတဲသူလည်းရှိတယ်”လို့ သူကပြောပါတယ်။
ကန့်ဘလူနယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင် နှစ်လအတွင်းမှာ မြွေဆိုးကိုက်ခံရတဲ့ စစ်ဘေးရှောင်ဦးရေ ၂၀ ကျော်အထိရှိခဲ့ပြီး ဇူလိုင်လထဲမှာတော့ မြွေကိုက်ခံရတဲ့ စစ်ရှောင်တစ်ဦး ဆေးကုသမှုနောက်ကျလို့ အသက်သေဆုံးခဲ့ပါသေးတယ်။
ကိုးတောင်ဘို့ တိုက်နယ်အတွင်းက ကျေးရွာအများစုဟာ စစ်ကောင်စီတပ်တွေရဲ့ မကြာခဏ စစ်ကြောင်းထိုးခံရတာကြောင့် နီးစပ်ရာတောတွေထဲကို စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေးအတွက် စစ်ကြောင်းအန္တရယ်နဲ့ မြွေဆိုးအန္တရယ်ကြားမှာ လယ်ယာစိုက်ပျိုးရေးတွေလုပ်နေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။
ပုံစာ-မြွေဆိုးကိုက်ခံရတဲ့ ကန့်ဘလူဒေသခံများ
ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
#Dailynews

