မိုးကုတ် – ၂၀၂၃ ဩဂုတ် ၁၅ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းကျပ်ပြင်ရပ်ကွက်က ကျပ်ပြင်ရဲစခန်း၊ လျှပ်စစ်ရုံးနဲ့ ရွှေမြင်ဝန်းဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားတွေ ဒီနေ့မနက် ၁၀း၀၀ နာရီလောက်မှာ တစ်ချိန်တည်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
“လက်နက်ကြီးသံတွေရော လက်နက်ငယ်သံတွေရော ပစ်ကြတာ၊ လမ်းတစ်လျောက်လုံးလူတွေတိတ်ဆိတ်နေတာပဲ”လို့ကျပ်ပြင်ရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့ကျပ်ပြင်ရဲစခန်းနဲ့ EPC လျှပ်စစ်ရုံးတို့ဟာ ဘေးချင်းကပ်ရှိနေတဲ့အပြင် ရွှေမြင်ဝန်းဘုန်းကြီးကျောင်းကလည်း ကျပ်ပြင်ရပ်ကွက်နားမှာရှိတာကြောင့် တိုက်ခိုက်ခံရတာကိုသိရတာလို့ ကျပ်ပြင်ရပ်ကွက်နေထိုင်သူကပြောပါတယ်။
“အပြန်အလှန်ပစ်ခတ်တာ ၁၅မိနစ်ကြာခဲ့တယ်၊ သူတို့ဘက်ကလည်း ပြန်ပစ်တယ်၊
အဆက်မပြတ်ပစ်တာ၊ ကျွန်တော်တို့ပစ်တာထပ်များတာပေါ့၊သူတို့ကအင်အားလည်းများတယ် “လို့ တိုက်ခိုက်ခဲ့တဲ့ Red Wolf Of Mogok အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဘော့လုံးကြီးကျေးရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ကလည်းလက်နက်ကြီးလေးချက် မြို့ထဲ ပစ်ကူခဲ့ပေမယ့် ဘယ်နေရာတွေကို ကျပြီးထိမှန်တယ်ဆိုတာကိုမသိရသေးဘူးလို့ သူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်ကလည်း လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့အဆက်မပြတ် ပြန်ပစ်ခတ်ခဲ့ပေမယ့်ထိခိုက်သေဆုံးမှုကိုတော့အတည်မပြုနိုင်သေးပါဘူး။
မိုးကုတ်အနောက်ပိုင်းကျပ်ပြင်ရပ်ကွက်မှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် မြို့တွင်းဆိုင်တွေ ပိတ်သွားသလို မြို့ထဲအသွားအလာရှင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
#Dailynews

