ရန်ကုန် – ၂၀၂၃ ဩဂုတ် ၁၄ (မော်ကွန်း)
စစ်ကောင်စီက ဆန်နဲ့ဆီတွေ ဈေးချပြီးရောင်းပေးနေတဲ့ ရက်ပိုင်းအတွင်းမှာပဲ ဆန်နဲ့ဆီဈေးတွေဟာ ဆက်လက်မြင့်တက်ခဲ့တယ်လို့ ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။
ယခုရက်ပိုင်းအတွင်း ဆန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်ခဲ့ပြီး လက်ရှိမှာ စံချိန်တင်ဈေးထိ ရောက်ရှိလာတယ်လို့ ဆန်ကုန်သည်တွေဆီက သိရပါတယ်။
ပြည်တွင်းစားသုံးတဲ့ဆန်တွေဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းမွှေးဟာ ၂၄ ပြည်တစ်အိတ်ကို လက်ကားဈေး ၁၃၀,၀၀၀ ကျပ်ဝန်းကျင်မှာ ရှိနေရာက ၁၄၀,၀၀၀ ထိ မြင့်တက်သွားတယ်လို့ ဆန်လက်လီ၊ လက်ကားရောင်းချသူတွေဆီက သိရပါတယ်။
“ဆန်ကုန်သည်အသင်းက ဆန်ဈေးကျအောင်လုပ်မယ်ဆိုတည်းက ပြန်တက်နေတာလားမှတ်ရတယ်၊ ရက်ပိုင်းအတွင်းပဲ လက်ကားဈေးမှာတင် အဆင့်ဆင့် စရိတ်နဲ့ဆို တစ်သောင်းကျော်တက်သွားတယ်။
ကျွန်တော်တို့ ရောင်းရတဲ့အမြတ်က ဈေးထက်တက်တော့ အရင်းတောင် ပြန်ဝယ်မဖြည့်နိုင်ဘူးဖြစ်သွားတယ်။ ကျွန်တော်တို့လည်း ဈေးမတက်လို့မရတော့ လက်လီဈေးဆို တစ်အိတ်ကို တစ်သိန်းခွဲလောက်ဖြစ်သွားတယ် ” လို့ ဆန်လက်လီလက်ကား ရောင်းချသူတစ်ဦးက ပြောပါတယ်။
ပြည်တွင်းမှာ ဆန်အထွက်နှုန်းလျော့ကျခဲ့တာ၊ ငွေလဲလှယ်နှုန်းမတည်ငြိမ်တာအပြင် ဆန်ဈေးမြင့်တက်လို့ သိုလှောင်မှုများပြားလာတာတွေကြောင့် အခုလို ဆန်ဈေးမြင့်တက်လာတာဖြစ်တယ်လို့ ဆန်ကုန်သည်တစ်ဦးက မှတ်ချက်ပြုပါတယ်။
အလားတူပဲ ယခုလ ပထမအပတ်မှာ တစ်ပိဿာကို ၈,၆၀၀ ကျပ်ဝန်းကျင်မှာရှိနေတဲ့ စားအုန်းဆီဈေးဟာ လက်ရှိမှာတော့ တစ်ပိဿာကို တစ်သောင်းကျော်ထိ မြင့်တက်သွားတယ်လို့ စားအုန်းဆီ လက်လီလက်ကား ရောင်းချသူတွေဆီက သိရပါတယ်။
စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ဒီနေ့ထုတ်ပြန်ထားတဲ့ စားအုန်းဆီ လက်ကားရည်ညွှန်းဈေးဟာ တစ်ပိဿာကို ကျပ် ၄,၀၃၅ သတ်မှတ်ထားပေမယ့် ပြင်ပပေါက်ဈေးကတော့ တစ်ပိဿာကို ကျပ်တစ်သောင်းကျော်ထိ မြင့်တက်နေတာပါ။
“ပြီးခဲ့တဲ့ တစ်ပတ်ကပဲဝယ်တဲ့ စားအုန်းဆီ ၁၀ ပိဿာဝင်ပုံးက ရှစ်သောင်းရှိတာ၊ အခုဒီနေ့ဝယ်တာ တစ်သိန်းကျော်ဖြစ်သွားပြီ။ ဝယ်လို့ကလည်းမလွယ်ဘူး” လို့ စားဆီလက်လီလက်ကား ဖြန့်ဖြူးရောင်းချသူတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ယခုလဆန်းပိုင်းကစပြီး ဝါးတန်းဆန်ကုန်ဆည်ဒိုင်၊ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်တို့မှာ ပြင်ပပေါက်ဈေးထက်သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ပြည်တွင်းစားသုံးနေတဲ့ ဆန်အမျိုးအစားလေးမျိုးကို ရောင်းချပေးခဲ့ပါတယ်။
အလားတူပဲ ယခုလ ၁၁ ရက်ကစပြီး ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ လူတစ်ဦးကို ဆန်ငါးပြည်နဲ့ ဆီတစ်ပိဿာ ရောင်းပေးနေတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီက စားသုံးဆီတစ်ပိဿာ ၅,၄၀၀ ကျပ်ဝန်းကျင်နဲ့ ရောင်းပေးနေတာဖြစ်ပြီး ဆန်ကလည်း ပြည်ပပေါက်ဈေးထက် တစ်အိတ်ကို ကျပ်နှစ်သောင်းဝန်းကျင်ထိ ဈေးချပေးထားတာပါ။
စစ်ကောင်စီက အဲ့ဒီလို ဈေးတန်းဖွင့်ပြီး ရောင်းချနေပေမယ့် ရပ်ဝေးကနေထိုင်သူတွေအတွက် သွားရောက်ဝယ်ယူဖို့ မလွယ်ကူဘူးလို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်က အိမ်ရှင်မတစ်ဦးက မှတ်ချက်ပြုပါတယ်။
“ဆန်ငါးပြည်နဲ့ ပြည်သူ့ရင်ပြင်ထိ သွားဝယ်ဖို့ အဆင်မပြေဘူးလေ၊ လမ်းစရိတ်နဲ့ တန်းစီရမှာနဲ့ဆို ဘယ်လိုမှအဆင်မပြေဘူး။ သူတို့တကယ် ပြည်သူတွေဆီရောက်စေချင်ရင် ရပ်ကွက်က ဈေးတွေမှာ လာရောင်းပေးသင့်တယ်” လို့ ပြောပါတယ်။
ပုံစာ – ရန်ကုန်မြို့ ဝါးတန်းလမ်းကုန်စည်ဒိုင်မှာ ဆန်ရောင်းချပေးနေစဉ်
ဓာတ်ပုံ – မော်ကွန်း
#Dailynews

