ရန်ကုန် – ၂၀၂၃ ဩဂုတ် ၁၁ (မော်ကွန်း)
ဒီရက်ပိုင်းအတွင်း ထိုင်းဘတ်နဲ့ တရုတ်ယွမ်ငွေလဲလှယ်နှုန်းတွေမြင့်တက်နေပြီး ကျပ်ငွေတန်ဖိုး ပိုမိုကျဆင်းလာတယ်လို့ ငွေလဲလှယ်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းက တရုတ်ငွေတစ်ယွမ်ကို ၄၃၀ ကျပ်ဝန်းကျင်မှာရှိနေတဲ့ တရုတ်ယွမ်ငွေလဲလှယ်နှုန်းဟာ ယခုလအတွင်းဆက်တိုက်မြင့်တက်လာပြီး တစ်ယွမ်ကို ၅၀၀ ကျပ်နီးပါးထိ ရောက်ရှိလာပြီဖြစ်တယ်လို့ မူဆယ်က ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။
“ယွမ်ဈေးက နှစ်သောင်းတန်ထုတ်မယ်လို့ ကြေညာတဲ့ရက်ပိုင်းကစပြီးတက်လာတာ၊ အခုဆက်တိုက်တက်လာတာ ယွမ် ၁၀၀ ကို ငါးသောင်းထိကပ်နေတယ်၊ အခုဒီနေ့နောက်ဆုံးပေါက်တာ ၄၉၀ ကျပ်နဲ့ အရောင်းအဝယ်လုပ်တယ်” လို့ တရုတ်ယွမ်ငွေလဲလှယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
အလားတူ ထိုင်းဘတ်ငွေဈေးဟာ အခုရက်ပိုင်းအတွင်းမြင့်တက်ခဲ့ပြီး ထိုင်းတစ်ဘတ်ကို ၁၀၀ ကျပ် ထိ ဈေးမြင့်တက်နေတယ်လို့ ထိုင်းနိုင်ငံနယ်စပ် မြဝတီမြို့က ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“အခုက ဘတ်ဈေးက အရမ်းခုန်တက်နေတယ် မငြိမ်သေးဘူးဖြစ်နေလို့ အရောင်းအဝယ်တွေ နည်းနည်းသတိထားပြီး လုပ်နေရတယ်၊ အချို့ဆိုင်တွေတော့ အရောင်းအဝယ်တွေ ရပ်ထားပြီး စောင့်ကြည့်နေတာရှိတယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီက ကျပ်နှစ်သောင်းတန်ကို ယခုလမှာ စတင်ရိုက်နှိပ်ထုတ်ဝေခဲ့ပြီးနောက်မှာ နိုင်ငံခြားငွေကြေးတွေရဲ့ လဲလှယ်နှုန်းတွေ အားလုံးနီးပါးမြင့်တက်လာပြီး မြန်မာကျပ်ငွေတန်ဖိုးဟာ တဖြည်းဖြည်းကျဆင်းနေတာဖြစ်တယ်လို့ ငွေကြေးဈေးကွက်လေ့လာသူတစ်ဦးက ပြောပါတယ်။
“ဒီရက်ပိုင်းထဲ ငွေဈေးတွေ အကုန်တက်လာတယ်။ ရွှေဈေးက ၃၇ သိန်းကျော်ဖြစ်သွားပြီ၊ ဒေါ်လာကလည်း တောက်လျှောက်တက်နေတယ်၊ ထိုင်းဘတ်လည်း တောက်လျှောက်တက်နေတယ်၊ ဒါက ဘာကိုပြောနေလဲဆိုတော့ မြန်မာကျပ်ငွေတန်ဖိုး ထိုးကျနေတာကိုပြနေတာပေါ့၊ ပြောရရင် ကျပ်ငွေကတဖြည်းဖြည်းနဲ့ ကျနေတာ” လို့ သူကပြောပါတယ်။
တရုတ်ယွမ်၊ ထိုင်းဘတ်တွေအပြင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကလည်း တစ်ဒေါ်လာကို ၃,၆၀၀ ကျပ် ဝန်းကျင်ထိ ဈေးမြင့်တက်နေတယ်လို့ ဈေးကွက်အတွင်းကသိရပါတယ်။
အခုလို ငွေလဲလှယ်နှုန်းတွေ မြင့်တက်နေတဲ့အတွက် တရုတ်၊ ထိုင်း စတဲ့ နိုင်ငံကနေ ပြည်တွင်းကို တင်သွင်းတဲ့ ကုန်ပစ္စည်းတွေလည်း ဈေးမြင့်တက်လာဖွယ်ရှိတယ်လို့ ထိုင်းကုန်ပစ္စည်းတွေ တင်သွင်းရောင်းချသူတစ်ဦးက ပြောပါတယ်။
“ကျွန်မတို့ ရောင်းနေတဲ့ အထည်တွေဆို နောက်ထပ်တင်မယ်ဆို အရင်ဈေးနဲ့မရတော့ဘူး၊ ဈေးတက်မယ်လို့ ဝယ်သူတွေကို ကြိုအသိပေးထားရတယ်၊ ဒီငွေဈေးနဲ့က ဘယ်လိုမှအဆင်မပြေဘူး၊ လောလောဆယ် လမ်းကလည်းပျက်နေတော့ ကုန်တွေမဝင်တဲ့အပြင် ဘတ်ဈေးက ထပ်တက်သွားသေးတယ်” လို့ သူကပြောပါတယ်။
ယခုရက်ပိုင်းမှာ စင်္ကာပူနိုင်ငံက အကြီးဆုံးဘဏ်ဖြစ်တဲ့ United Oversea Bank (UOB) ဘဏ်ဟာ မြန်မာနိုင်ငံက ဘဏ်တွေနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ ဘဏ်လုပ်ငန်းတွေကို ရပ်ဆိုင်းမယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ ထပ်မံလှုပ်ခတ်မှုတွေ ရှိလာခဲ့တာပါ။
#Dailynews

