ရန်ကုန် – ၂၀၂၃ ဩဂုတ် ၄ (မော်ကွန်း)
ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ အာဇာနည်နေ့အထိမ်းအမှတ်ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူတွေ ရိုက်နှက်ပြီးတိုက်ပိတ်ခံထားရတယ်လို့ အဲ့ဒီအကျဉ်သားတွေကို ကူညီနေသူတွေဆီက သိရပါတယ်။
အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသူတွေဟာ ပြီးခဲ့တဲ့အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဖဲကြိုးနက်လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး အဲ့ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ အကျဉ်းသူ ၁၅ ဦး တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
အဆိုပါ တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးအနက် အချို့မှာရိုက်နှက်ခံထားရပြီး ထောင်ဝင်စာတွေ့ခွင့်တွေကိုလည်း ပိတ်ထားတယ်လို့ ပြောပါတယ်။
“အဲ့ဒီထဲမှာ အသက်ငါးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးလည်းပါတယ်။ ထောင်ဝင်စာတွေ့ခွင့်တွေက အားလုံးပိတ်ထားတော့ အခုလွတ်ငြိမ်းနဲ့ ပြန်လွတ်လာသူတွေသတင်းပေးလို့ မိသားစုတွေ သိရတာပေါ့။ အခုထိတော့ သူတို့အဆက်အသွယ်မရတော့ဘူး” လို့ သူကပြောပါတယ်။
တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူများမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ်သုံးနှစ်ကနေ တစ်သက်တစ်ကျွန်းထိ ချမှတ်ခံထားရသူတွေဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က မနေ့ကထုတ်ပြန်ထားပါတယ်။
သာယာဝတီထောင်မှာ အကျဉ်းကျနေတဲ့ မနှင်းလဲ့နန္ဒာလွင်၊ မရွှန်းအိဖြူ၊ မနီလာစိမ်း၊ မဆုရည်ပိုင်၊ မဝတ်ရည်လွင်၊ မအေးသီတာကျော်၊ မရီရီဆွေ၊ မလွင်လွင်ညွန့်၊ မစန္ဒီညွန့်ဝင်း၊ အေးသက်စံ၊ မရွှေရည်ညွှန့်၊ မယမင်းထက်၊ မထူးထက်ထက်ဝေ၊ မမျိုးသန္တာထွန်း၊ မမိုးမြတ်သဇင်တို့ကို အာဇာနည်နေ့ အထိမ်းအမှတ် အနက်ရောင်ဖဲကြိုး ဝတ်ဆင်တယ်ဆိုကာ အကျဉ်းထောင်ရဲ့ တိုက်အမှတ် ၂၀ မှာ တစ်ဦးချင်းစီ တိုက်ပိတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါ တိုက်ပိတ်ခံထားရတဲ့ အကျဉ်းသားအချို့ရဲ့မိသားစုနဲ့ နီးစပ်သူတစ်ဦးကတော့ တိုက်ပိတ်ခံရတဲ့ အကျဉ်းသား အယောက် ၃၀ ခန့်ရှိနိုင်ပြီး အမျိုးသားအကျဉ်းသားတစ်ဦးလည်း ပါဝင်တယ်လို့ ပြောပါတယ်။
“ကျွန်မတို့ကြားတာကတော့ အထဲမှာ ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေနဲ့ တိုက်ပိတ်ခံထားရတာ၊ အမျိုးသားအကျဉ်းသားတစ်ယောက်လည်း ထောင်ဆေးရုံမှာ သတိလစ်သွားတယ်တဲ့၊ မိသားစုတွေတော့ အတော်စိုးရိမ်နေကြတယ်၊ ဆက်သွယ်တော့လည်း ခွင့်မပြုဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီက ယခုလ ၁ ရက်နေ့က အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၇,၀၀၀ ကျော်ကို လွှတ်ပေးခဲ့ရာ သာယာဝတီအကျဉ်းထောင်မှ အကျဉ်းသား ၂၀၀ ကျော် ပြန်လွတ်မြောက်လာခဲ့ပါတယ်။
ဓာတ်ပုံ – မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်
#Dailynews

