ယင်းမာပင် – ၂၀၂၃ ဩဂုတ် ၃ (မော်ကွန်း)
မနေ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တနယ်ကျေးရွာကို အာဏာသိမ်းစစ်တပ်ဝင်ရောက်စီးနင်းခဲ့ရာ ရွာမှာကင်းစောင့်နေတဲ့ ကျေးရွာ ပ.က.ဖ ခေါင်းဆောင်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံဆီကသိရပါတယ်။
“ရွာအနောက်ဘက် ဆည်ဘောင်ပေါ်မှာ လည်ပင်းကို ဓါးနဲ့လှီးပြီး ညှင်းပန်းနှိပ်စက်ပြီးသတ်ထားခဲ့တာ”လို့ ဒေသခံကပြောပါတယ်။
ဒေသခံရဲ့ပြောပြချက်အရ အဲဒီစစ်ကြောင်းဟာ ပုလဲနယ်၊ အင်မတီးပျူစောထီးစခန်းကနေ ပြန်လှည့်လာတာဖြစ်ပြီး တနယ်ရွာကို မနေ့က နံနက်မိုးမလင်ခင် ၅း၀၀ နာရီလောက်မှာ စီးနင်းခဲ့တာလို့ သိရပါတယ်။
လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေရဲ့ ဆိုင်ကယ် ၁၂ စီးကို မီးရှို့ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတွေ အလစ်အငိုက်ဝင်စီးခံနေရတာ မကြာခဏဖြစ်လာနေပါတယ်။
ဒီကနေ့မှာတော့ တနယ်ရွာဘုန်းကြီးကျောင်းထဲဝင်ပြီး တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ နံနက်အစောပိုင်းမှာ ရွာကနေအိမ် ရှစ်လုံးကိုမီးရှို့ပြီးမှ ရွာကနေ မင်းတိုင်ပင်ရွာကိုထွက်သွားခဲ့ပါတယ်။
ပုလဲနယ် ပ.အ.ဖနဲ့ ပ.က.ဖ တွေကတော့ မီးလောင်တဲ့နေအိမ်တွေကို ငြှိမ်းသတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီစစ်ကြောင်းဝင်ရောက်လာလို့ တနယ်၊ လှော်ကား၊ ပန်းရွာ၊ ကျောက်ကုန်း၊ လုပ်သား၊ နွားကူး၊ မွေ့တုံ၊ မင်းရွာ၊ ကိုင်းတွင်း၊ အင်းကန်၊ စပါးစေ့၊ ကျောက်ဖျာကန်၊ မင်းတိုင်ပင်၊ နှောကန်ရွာတွေက ဒေသခံပြည်သူ ၂၀,၀၀၀ ဝန်းကျင် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ စစ်ရှောင်ကူညီသူတွေဆီကသိရပါတယ်။
ပုံစာ – သတ်ဖြတ်ခံရသည့် ကျေးရွာ ပ.က.ဖခေါင်းဆောင်၊ မီးရှို့ခံရသောနေအိမ်နှင့်ဆိုင်ကယ်များ၊ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ
ဓါတ်ပုံ – CJ
#Dailynews

