ယင်းမာပင် – ၂၀၂၃ ဇူလိုင် ၃၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းကရွာတွေကို စစ်ကောင်စီတပ်အင်အားတစ်ရာကျော်က ဒီနေ့မနက်ကစပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျောက်မှော်ရွာခံတစ်ဦးကမော်ကွန်းကိုပြောပါတယ်။
“တိုက်ပွဲက ခုလောလောဆယ်တော့မဖြစ်သေးဘူး။ ဒီမနက် ၈ နာရီလောက်ကစပြီး ထိုးတာ။ အင်အား ၁၂၀ လောက်ရှိတယ်။ ဒေသခံက နှစ်ထောင်သုံးထောင်လောက်ရှိတယ်။ ကျောက်မှော်အုပ်စုကရွာတွေ အကုန်ရှောင်ရတာပဲ” လို့ ကျောက်မှော်ရွာသားတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မနက်ပိုင်းမှာ သံပို၊စေသူ၊ ပတိန်ပြင် စတဲ့ကျေးရွာတွေကို ဝင်စီးနင်းခဲ့ပြီး ဖမ်းဆီးတာနဲ့ ရွာမီးရှို့တာတွေတော့ မရှိသေးဘူးလို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးတာကြောင့် သံပို၊စေသူ၊ ပတိန်ပြင်၊ ကျောက်မှော်၊ ကျွန်းပေါ်၊ နှောပင်၊ အင်းဘက် စတဲ့ရွာတွေကဒေသခံ ထောင်ချီထွက်ပြေးနေရတယ်လို့ သိရပါတယ်။
၂၀၂၃ ဇူလိုင် ၁၀ရက် အထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒသမ ၉ သန်းနီးပါးရှိလာပြီဖြစ်ပြီး အဲဒီထဲက ၁ ဒဿမ ၆ သန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် ထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA Myanmar ရဲ့ အခုလ ၁၉ ရက်က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
#Dailynews

