ရန်ကုန် -၂၀၂၃ ဇူလိုင် ၂၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အခုလအတွင်း မြွေကိုက်ခံရတဲ့စစ်ဘေးရှောင် ၁၁ ဦးရှိပြီး တစ်ဦးသေဆုံးကာ မြွေဆိပ်ဖြေဆေးတွေလည်း လိုအပ်နေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ကုသမှုနောက်ကျလို့ သေသွားတာ၊ တချို့လည်း စောင့်ကြည့်နေရသေးတယ်။ ဆေးကတော့ တစ်ဦးကို ဘီပီအိုင် လေးလုံးကနေ ရှစ်လုံးထိထိုးရတာဆိုတော့ လိုအပ်ချက်အမြဲရှိတယ်” လို့ သူကပြောပါတယ်။
မြွေကိုက်ခံရလို့ သေဆုံးခဲ့သူဟာ ချပ်သင်းတိုက်နယ်က အသက် ၅၀ အရွယ် ဦးစိန်ချိုဖြစ်ပြီး ကုသမှုပေးရင်းသေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
မြွေကိုက်ခံရသူတွေဟာ စစ်ကောင်စီတပ်တွေရန်ကြောင့် မြို့ပေါ်ဆေးသွားကုဖို့ မလွယ်ဘူးလို့ သူကပြောပါတယ်။
“အရပ်ဒေသမေးပြီး အကြောင်းမဲ့ဖမ်းဆီးတာမျိုးတွေလုပ်တယ်။ အဲ့ဒါကြောင့် မြို့ပေါ်ဆေးကုသဖို့မလွယ်ကြဘူးဗျ။ မထင်ရင်မထင်သလိုဖမ်းပြီးငွေညှစ်တာတွေလုပ်တယ်” လို့ သူကပြောပါတယ်။
လက်ရှိမှာတော့ မြွေကိုက်ခံရသူတွေကို ကုသဖို့ မြွေဆိပ်ဖြေဆေးကို အလှူရှင်တွေဆီကနေ ရတဲ့ငွေနဲ့ ရရင်ရသလိုဝယ်ပြီး ဖြန့်ကျက်လှူနေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူကပြောပါ
တယ်။
ကန့်ဘလူမြို့နယ်အတွင်း မြွေကိုက်ခံရသူတွေဟာ ထန်းကုန်းတိုက်နယ်က သုံးဦး၊ ချပ်သင်းတိုက်နယ်က လေးဦး ဇီးကုန်းတိုက်နယ်က နှစ်ဦးနဲ့ ပင့်သာ၊ ကန့်ဘလူတိုက်နယ်က တစ်ဦးတို့ဖြစ်ပြီး စုစုပေါင်း အမျိုးသား ရှစ်ဦးနဲ့ အမျိုးသမီး သုံးဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း ကန့်ဘလူမြို့နယ်အတွင်းမှာ မြွေကိုက်ခံရတဲ့စစ်ရှောင် ၁၀ ဦးကျော်အထိရှိခဲ့ပါတယ်။
ကန့်ဘလူနယ်တကြောမှာ စစ်ရှောင်တွေ အကိုက်ခံရအများဆုံးမြွေတွေဟာ အဆိပ်ပြင်းမြွေအမျိုးအစားတွေဖြစ်တဲ့ မြွေပွေးနဲ့ မြွေဟောက်ဖြစ်ပြီး မြွေပွေးကပိုများတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းမကြာခဏထိုးတာတွေ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် အမြဲတမ်းစစ်ရှောင်ဦးရေဟာ သုံးသောင်းဝန်းကျင်အထိရှိတယ်လို့ သိရပါတယ်။
ပုံစာ-ကန့်ဘလူနယ်အတွင်းက မြွေဆိုးကိုက်ခံရတဲ့ စစ်ရှောင်များ
Photo – ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)
#Dailynews

