ယင်းမာပင်-၂၀၂၃ ဇူလိုင် ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ စုန်းချောင်းကျေးရွာက ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေစခန်း မနေ့ညကအလစ်အငိုက် စီးနင်းခံရပြီး ရဲဘော်သုံးဦးကျဆုံးကာ အများအပြားဖမ်းဆီးခံလိုက်ရတယ်လို့ မော်ကွန်းသတင်းရင်းမြစ်က အတည်ပြုပါတယ်။
“စုန်းချောင်းရွာ၊ အနောက်ရွာ၊ အရှေ့ရွာ၊ မြောက်ရွာကော သုံးရွာစလုံး ည ၁၂ နာရီလောက်က ပလဖကော ပအဖကော ပကဖကော အကုန်လုံးကို ခွေးတွေကဝင်ဖမ်းသွားတယ်၊ ၁၇ ယောက်အထက်ပါသွားတယ်၊ ဒလံသတင်းပေးတာ၊ ဘာမှပြန်လုပ်ချိန်မရလိုက်ဘူး။ ရဲဘော်သုံးယောက် ကျသွားတယ်။ တိုက်ပွဲမရှိဘူး၊ ဒီတိုင်းဝင်စီးသွားတာ” လို့ ၎င်းကပြောပါတယ်။
စခန်းကို စစ်ကောင်စီတပ်တွေစီးနင်းချိန် ပစ်သတ်ခံလိုက်ရတဲ့သုံးဦးဟာ အသက် ၁၆နှစ်၊ ၁၇ နှစ်နဲ့ ၁၉နှစ်အရွယ်တွေဖြစ်ပြီး ဖမ်းခံလိုက်ရသူတွေထဲမှာ ကလေးငယ်တွေလည်း ပါသွားတယ်လို့ သူကပြောပါတယ်။
“ကလေးလေးတွေကောပါသွားတယ်။ ပါသွားတဲ့စာရင်းအတိအကျကိုအတည်ပြုနေတုန်း။ အဓိကက ကင်းပေါ့တာဗျာ ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေ စခန်းကိုစီးနင်းမီးရှို့သွားတဲ့အပြင် လက်နက်တချို့လည်းဆုံးရှုံးလိုက်ရတယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရန် ချန်နယ်တွေမှာတော့ စုန်းချောင်းရွာက PDF စခန်းကို စီးနင်းခဲ့ပြီး သေနတ် ၁၁ လက်၊ အလောင်းခြောက်လောင်းနဲ့ မိုင်းမျိုးစုံသိမ်းဆည်းရတယ်လို့ ဆိုထားပါတယ်။
မော်ကွန်းရဲ့သတင်းရင်းမြစ်ကတော့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာတင်ထားသလို အလောင်းခြောက်လောင်းမဟုတ်ဘဲ အလောင်းကသုံးလောင်းသာဖြစ်တယ်လို့ အတည်ပြုထားပါတယ်။
ပုံစာ-စုန်းချောင်းရွာက စစ်ကောင်စီတပ်တွေ စီးနင်းခံရတဲ့ ပကဖ စခန်းက ကျဆုံးသွားတဲ့ရဲဘော်များ
Photo – စစ်ကောင်စီဝါဒဖြန့်ချန်နယ်
#Dailynews

