ရန်ကုန် – ၂၀၂၃ ဇူလိုင် ၁၈ (မော်ကွန်း)
အွန်လိုင်းကနေပေးချေတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုဟာ ၄၇ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပြီး နိုင်ငံအတွင်း လှည့်လည်သုံးစွဲငွေ လျော့နည်းကျဆင်းခဲ့တယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံအတွင်းက အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်းဘဏ်လုပ်ငန်းတွေနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်တစ်စောင်ကို ဗဟိုဘဏ်က ယခုလ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။
အဲ့ဒီထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ ၂၀၂၂ အတွင်း အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်းဘဏ်လုပ်ငန်း၊ မိုဘိုင်းပေးနဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ ငွေပေးချေမှုတွေဟာ ကျပ် ၃၁,၆၆၆ ဘီလီယံ အထိရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီပမာဏဟာ ၂၀၂၁ ကထက် ၄၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တာဖြစ်တယ်လို့ဆိုထားပြီး ၂၀၂၁ အတွင်းမှာ ပေးချေခဲ့တဲ့ ပမာဏကိုတော့ ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။
အဲ့ဒီလို ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ ငွေပေးချေမှုမြင့်တက်လာတာကြောင့် နိုင်ငံရဲ့စီးပွားရေးစနစ်အတွင်း လှည့်လည်သုံးစွဲငွေပမာဏ တိုးတက်မှုနှုန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ မှာ ၄၈ ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၂၂ မှာ ၂၉ ရာခိုင်နှုန်း၊ ၂၀၂၃ (မေလအထိ) ၁၁ ရာခိုင်နှုန်းကို အသီးသီးကျဆင်းလာခဲ့တယ်လို့ ဗဟိုဘဏ်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အွန်လိုင်းကနေ ငွေပေးချေမှုတွေမြင့်တက်ခဲ့ပေမယ့် အများပြည်သူအလွယ်တကူ အသုံးပြုနိုင်တဲ့ အခြေအနေမှာ မရှိသေးဘဲ အများစုဟာ ငွေကြေးကိုကိုင်ဆောင်အသုံးပြုနေရဆဲဖြစ်တယ်လို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“အခုက သုံးနေတာက KPay တို့ Wave Money လိုမျိုး အလွယ်တကူငွေချေလို့ရတဲ့ဟာတွေ သုံးနေကြတာများလာတာပေါ့၊ ဒါပေမယ့် အဲ့ဒါကလည်း အများပြည်သူဆီ ထိထိရောက်ရောက်မရောက်သေးဘူး၊ ကိုယ်စားလှယ်ဆိုင်တွေမှာ ငွေသားမလုံလောက်တာတွေက အမြဲရှိနေတုန်းပဲ။ အဲဒီ့အခက်အခဲတွေကို ပြေလည်အောင်မလုပ်နိုင်သေးဘူး၊ အခြေခံလူတန်းစားတွေ အလွယ်တကူ လက်လှမ်းမမီသေးတဲ့ စနစ်ပဲရှိသေးတယ်၊ ဘဏ်တွေထက် လွယ်လို့ သုံးနေကြတာလောက်ပဲရှိသေးတယ်၊” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ အလွယ်တကူငွေပေးချေနိုင်တဲ့ထုတ်ကုန်တွေ ပြည်တွင်းမှာ နည်းနေသေးပြီး ငွေကြေးကိုင်ဆောင်အသုံးပြုမှုကိုသာ အားထားနေရဆဲလို့ အသေးစား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။
“အခုက အွန်လိုင်းကနေ ငွေပေးချေတယ်ဆိုပေမယ့် ဘဏ်တွေကို အရင်လိုသွားအပ်ထားတာမျိုးမရှိဘူး၊ ပြင်ပကနေပဲ ငွေပေးချေတာတွေ ပိုလုပ်လာတယ်။ အရင်လို ATM စက်တွေမှာ ပိုက်ဆံမရှိတော့ဘူး။ ပြီးတော့ အွန်လိုင်းကနေ ပေးချေလို့ရတဲ့ ဆိုင်တွေကလည်း မလုံလောက်ဘူးပေါ့နော်၊ အားလုံး လက်လှမ်းမီတဲ့ အခြေအနေမှာ မရှိသေးပါဘူး။ ဖုန်းထဲပိုက်ဆံထည့်ပြီးတော့ သုံးချင်ရာသုံးလို့ရတဲ့ အခြေအနေမရှိသေးဘူး။ အကောင့်ထဲ ပိုက်ဆံထည့်တာလည်း အရင်လိုမလွယ်ဘူးလေ၊ ရာခိုင်နှုန်းတွေနဲ့ ထည့်ရတာ” လို့ အသေးစားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 မြန်မာနိုင်ငံမှာ စတင်ကူးစက်ခဲ့တဲ့ ၂၀၂၀ နောက်ပိုင်းကစပြီး အွန်လိုင်းကနေ ငွေပေးချေမှုတွေဟာ ပိုမိုတွင်ကျယ်လာတာဖြစ်ပြီး လက်ရှိမှာ မိုဘိုင်းပိုက်ဆံအိတ် အကောင့်ပေါင်း ၂၄ သန်းခန့် ဖွင့်ထားတယ်လို့ ကမ္ဘာ့ဘဏ်က ၂၀၂၂ အတွင်းက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ပုံစာ – KPay အသုံးပြုနေသူတစ်ဦး
Photo : Mawkun
#Dailynews

