ရန်ကုန်-၂၀၂၃ ဇူလိုင် ၁၃ (မော်ကွန်း)
လာမယ့် ဇူလိုင် ၁၉ ရက်၊ ၇၆ နှစ်မြောက်အာဇာနည်နေ့၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၊ အာဇာနည်ဗိမာန်နဲ့ ဝန်ကြီးများရုံးကို လာရောက်မယ့်သူတွေကို လုံခြုံရေးတင်းကြပ်ထားတာဟာတော်လှန်ရေးအင်အားစုတွေကိုကြောက်ရွံ့လို့ လိပ်ပြာမလုံလို့လို့ ရန်ကုန်မှာစစ်ကောင်စီကိုတော်လှန်နေတဲ့ ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) ဥက္ကဌဖြစ်သူကပြောပါတယ်။
လာရောက်ကြတဲ့ပြည်သူတွေအနေနဲ့ လက်ကိုင်ဖုန်း၊ မီးခြစ်၊ ပုလင်း/ဗူးအမျိုးမျိုး၊ ဗီနိုင်းစတွေ ၊ လက်ကိုင်အိတ်အမျိုးမျိုး၊ အလံတွေ၊ ကင်မရာ၊ ဘောပင်အမျိုးမျိုး၊ ပန်းခွေအမျိုးမျိုး၊ နဲ့ လက်ကိုင်အိတ်အမျိုးမျိုးစတဲ့ ပစ္စည်းတွေ ယူဆောင်လာရင် ဝင်ခွင့်မပေးဘူးလို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။
“အမှားဘက်ရပ်တည်တဲ့သူတွေ၊ လိပ်ပြာမလုံတဲ့သူတွေကတော့ ဘယ်တော့မှနောက်ကျောမလုံကြဘူး။
အာဇာနည်နေ့မှာ တစ်ခုခုလုပ်ခံရမှာ၊ အမှန်တရားကိုဖော်ထုတ်ပြမှာ၊ သူတို့ကိုဆန့်ကျင်မှာကြောက်လို့ဒီလို မျိုးကာကွယ်ရေးပုံစံတွေလုပ်ထားတာ” လို့ ရေဘဝဲအဖွဲ့ရဲ့ဥက္ကဌဖြစ်သူကပြောပါတယ်။
စစ်ကောင်စီဟာ ဗိုလ်ချုပ်ပြတိုက်၊ အာဇာနည်ဗိမာန်နဲ့ ဝန်ကြီးများရုံး စတဲ့နေရာတွေမှာ လုံခြုံရေးတင်းကျပ်ထားပါတယ်။ အခုကျရောက်မယ့် ၇၆ နှစ်မြောက် အာဇာနည်နေ့မှာ လမ်းပိတ်လမ်းလွဲတွေပြုလုပ်သွားမယ်လို့လည်းကြေညာထားပါတယ်။
အာဇာနည်နေ့အခမ်းအနားကျင်းပမယ့် အာဇာနည်ဗိမာန်ကို အခမ်းအနားစမယ့်အချိန် နံနက် ၄:၀၀ နာရီကနေ အခမ်းအနားပြီးဆုံးတဲ့အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှလည်းကောင်း၊ ဓမ္မစေတီလမ်းအား ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံမှလည်းကောင်း၊ ဓမ္မစေတီလမ်းအား အင်းယားမြိုင်လမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းနှင့် ဦးဝိစာရလမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား ဦးထောင်ဘိုလမ်းနှင့် အာဇာနည်လမ်းဆုံမှလည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံအထိလည်းကောင်း၊ ရွှေတိဂုံဘုရားမြောက်ဘက်မုခ်(သွေးဆေးကန်)လမ်းတို့အား ခေတ္တပိတ်ထားမယ်လို့ကြေညာပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကိုလည်း နတ်မောက်လမ်းအား ဝင်္ကဘာလမ်းဆုံမှလည်းကောင်း၊ နတ်မောက်လမ်းအား ဖိုးစိန်လမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား ငါးထပ်ကြီးဘုရားလမ်းနှင့် ဆုံရာမှလည်းကောင်း၊ ဗိုလ်ချိုလမ်းအား ရွှေကြက်ယက်လမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား စောမဟာလမ်းဆုံမှလည်းကောင်း ခေတ္တပိတ်ထားမယ်လို့ဖော်ပြပါတယ်။
ဝန်ကြီးများရုံးကိုတော့သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှလည်းကောင်း၊ အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်းလမ်းဆုံမှလည်းကောင်း၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဆုံမှလည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံမှလည်းကောင်း လမ်းပိတ်ထားမယ်လို့ထုတ်ပြန်ထားပါတယ်။
အခုကျရောက်မယ့် အာဇာနည်နေ့မှာ စစ်ကောင်စီက လမ်းပိတ်၊ လမ်းလွှဲလုပ်တာတွေအပြင် အဖမ်းအဆီးတွေရှိလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိထားကြဖို့တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းထားပါတယ်။
ပုံစာ- ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်နေအိမ်ပြတိုက်
#Dailynews

