ယင်းမာပင် – ၂၀၂၃ ဇူလိုင် ၁၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ မနေ့က ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မြို့ကြီးရွာကို စစ်တပ်က မီးရှို့ခဲ့ရာမှာ နေအိမ် အလုံး ၅၀ ဝန်းကျင်ပျက်စီးဆုံးရှုံးသွားခဲ့ကာ အဘွားအိုတစ်ဦးပါမီးလောင်သေဆုံးခဲ့တယ်လို့ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
မနေ့ဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က Mi – 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ပါလာရောက်ပစ်ခတ်ခဲ့ပြီး မြေပြင်စစ်ကြောင်းတွေက မြို့ကြီးရွာကို မီးရှို့ခဲ့ကြတာပါ။
အခုအချိန်ထိ မြို့ကြီးရွာအပါအဝင် ကျေးရွာတချို့ ဘေးလွတ်ရာတွေဆီကို တိမ်းရှောင်နေရပြီး ရွာတွေကို မပြန်နိုင်သေးပါဘူး။
စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးများအကူညီလိုအပ်နေပြီး မိုးရွာသွန်းမှုကြောင့် ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်လို့ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်ကပြောပါတယ်။
မနေ့ကတိုက်ပွဲတွေကြောင့် ရွာသာယာရွာ ၊မြေကြက်ဆူ၊ရွာထောင်လေးရွာ၊နုံးကြီး၊မြို့ကြီး၊မြောက်နုံး၊ပြန်လှည့်၊ရုန်းလေးပင်စတဲ့ရွာတွေက ဒေသခံ ၁၀,၀၀၀ခန့်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီသူတွေဆီကသိရပါတယ်။
စစ်ရှောင်တွေကို ကူညီလိုသူတွေအနေနဲ့ Facebook Page “ပြည်သူမှ ပြည်သူသို့” စာမျက်နှာကို ဆက်သွယ်ပြီး ထောက်ပံ့နိုင်ပါတယ်။
ပုံစာ – မီးလောင်ပျက်စီးနေတဲ့ မြို့ကြီးရွာနဲ့ ဆက်သွယ်ကူညီနိုင်သည့် “ပြည်သူမှပြည်သူသို့”အဖွဲ့တံဆိပ်
ဓါတ်ပုံ – Supplied
#Dailynews

