ရန်ကုန်-၂၀၂၃၊ ဇူလိုင် ၁၂ (မော်ကွန်း)
ရန်ကုန်ကပုဂ္ဂလိကမူကြိုကျောင်းတွေမှာ အဆုတ်ရောင်ရောဂါပိုးပျံ့နှံ့နေတယ်ဆိုတဲ့သတင်းတွေကြောင့် ကျောင်း တစ်ချို့ခေတ္တပိတ်လိုက်ပါတယ်။
ကလေးတွေကို အဆုတ်လေပြွန်ရောင်စေတဲ့ရောဂါပျံ့နေလို့ကလေးတွေကိုကျောင်းမပို့ကြဖို့ မိခင်အချို့က လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားချက်တွေကြောင့် ကလေးမိဘတွေကကျောင်းပိတ်ဖို့ တောင်းဆိုလာကြတာပါ။
“ကျောင်းဆေးခန်းမှာလာပြတဲ့ကလေးတွေကတော့ချောင်းဆိုးတာ၊ ဖျားနာတာတွေတော့ရှိတယ်။ အဆုတ်ရောင် ရောဂါလက္ခဏာတွေတော့မတွေ့ရသေးပါဘူး။ ဆရာဝန်တွေရယ်မိဘတွေရဲ့တောင်းဆိုချက်တွေအရ အခုလိုမျိုး တစ်ပတ်ပိတ်လိုက်တာပါ” လို့ ကျောင်းသားတစ်ထောင်ကျော်ရှိတဲ့ ဗဟန်းမြို့နယ်ကပုဂ္ဂလိကမူကြိုကျောင်းတစ်ခုက မှပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ကျောင်းကို ဒီတစ်ပတ်တနင်္လာနေ့ကနေ သောကြာနေ့အထိပိတ်ထားတယ်လို့ သူကပြောပါတယ်။
ပုဂ္ဂလိမူကြိုကျောင်းတက်တဲ့ကလေးရဲ့မိခင်တစ်ဦးက “မီးမီးတို့ကျောင်းလည်း အခုပိတ်လိုက်ပြီ။ အဆုတ်လေပြွန်ရောင်တဲ့ရောဂါတွေပျံ့နေလို့ဆိုပြီး တနင်္လာနေ့ကစပိတ်လိုက်တာ”လို့ ပြောပါတယ်။
လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာပျံ့နှံ့နေတဲ့ အဆုတ်ရောင်ရောဂါ (Bronchiolitis) ဆိုတာဟာ အဆုတ်လေပြွန်ရောင်ပြီး အသက်ရှုကြပ်တဲ့လက္ခဏာပြပြီး ချောင်းဆိုးတာကတစ်ဆင့်ကူးစက်နိုင်တယ်လို့ ကလေးဆရာဝန်တွေကပြောပါတယ်။ အခုချိန်ထိတော့ အဲဒီရောဂါရဲ့လက္ခဏာတွေကိုမတွေ့ရသေးဘဲရိုးရိုးရာသီ တုပ်ကွေးရောဂါတွေပဲတွေ့ရတယ်လို့ဆရာဝန်တွေကပြောပါတယ်။
ပုဂ္ဂလိကမူကြိုကျောင်းတစ်ခုမှကလေးမိဘတစ်ဦးကတော့ “အခုလိုကျောင်းတွေပိတ်လိုက်တာ အဆင်ပြေသွားတယ်။ ကလေးကသင်ခန်းစာလွတ်သွားမှာစိုးလို့အတန်းတက်နေတာ ခေါင်းကမထောင်နိုင်ဘူး။ အခုက တစ်အိမ်လုံးဖျားနေပြီ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ မိုးရာသီ ဇွန်နဲ့ဇူလိုင်လတွေဟာ တုပ်ကွေးကူးစက်မှုအများဆုံးအချိန်ဖြစ်ပြီး လူကြီးထက်ကလေး ငယ်တွေမှာပိုအဖြစ်များတယ်လို့ ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းကလူမှုကွန်ရက်စာ မျက်နှာမှာရေးသားထားပါတယ်။
ပုံစာ- ပုဂ္ဂလိကမူကြိုကျောင်းတစ်ခုမှမူကြိုအတန်းစာသင်ခန်းမြင်ကွင်း
Photo : Supplied
#Dailynews

