မိုးကုတ် – ၂၀၂၃ ဇူလိုင် ၉ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးမှာကြောင့် လက်လုပ်လက်စားကျောက်မျက်လုပ်ကွက်တွေကို မနေ့ကစတင်ပြီးပိတ်ခိုင်းနေတယ်လို့ လုပ်ကွက်လုပ်ကိုင်သူတွေဆီကနေသိရပါတယ်။
မိုးကုတ်မြို့တွင်းနဲ့ မြို့အနီးနားရွာတွေက လက်လုပ်လက်စားကျောက်မျက်လုပ်ကွက်တွေဆီကို အာဏာသိမ်းစစ်တပ်ကလာပြီး တဲတွေဖြုတ်သိမ်းဖို့နဲ့အလုပ်ပိတ်သိမ်းဖို့ လာပြောခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ကြောင်းထိုးမယ်ပြောတယ်၊ ဘယ်နှစ်ရက်ကြာမလဲတော့မသိဘူး၊ ရွာတွေမှာလည်းတပ်တွေလာစွဲတယ်၊ လက်နက်ကြီးတွေလည်းအသင့်ချိန်ထားကြတယ်”လို့ မြို့အနီးကျေးရွာတစ်ရွာကဒေသခံတစ်ဥိီးကပြောပါတယ်။
မိုးကုတ်မြို့ဒေသခံတွေက ကျောက်မျက်လုပ်ငန်းကိုအဓိကထားလုပ်ကိုင်တဲ့အပြင် အခြားဒေသတွေကပါ အလုပ်လာလုပ်နေတာတွေရှိပြီး ရုတ်တရက်အလုပ်ပိတ်သိမ်းခိုင်းတာကြောင့် ပြန်ဖို့လမ်းစရိတ်အခက်ခဲတွေရှိနေတယ်လို့ အဝေးရပ်ကအလုပ်လာလုပ်သူတစ်ဦးကပြောပါတယ်။
” မိသားစုလိုက်လာကြတာဆိုတော့ ပြန်စရိတ်တင်ကို သုံးသိန်းလောက်ကုန်မှာ၊ နောက်အလုပ်ပြန်ဖြစ်ရင်လည်းလာရဦးမှာ၊ ဘယ်တော့ပြန်လုပ်ရမယ်ဆိုတာမသိသေးဘူး၊ ခုပြန်ဖို့လည်းအခက်ခဲတွေရှိနေတယ်”လို့သူကပြောပါတယ်။
မိုးကုတ်မြို့အနီးပတ်ဝန်းကျင်တွေမှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ၁၆ရက်တုန်းက အုံဒန်ကျေးရွာအနီးက ဒေသခံတွေက်ို စစ်တပ်ထဲခေါ်ပြီး ရွာတွေမီးရှို့ရင်လည်း PDF တွေကရှို့တာလို့သတင်းဖြန့်ပေးဖို့ခေါ်ပြောခဲ့တာရှိတယ်လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့၊ ဗမွန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်သားတွေကို ဇူလိုင်လ ၅ရက်ညပိုင်းက မိုးမိတ်ခရိုင် KPDF တပ်ရင်းက တိုက်ခိုက်ခဲ့တဲ့အပြင် ဇွန်လ ၂၀ရက်ကလည်း အုံဒန်ကျေးရွာက စစ်သားတွေကို မိုးကုတ်အခြေပြုတပ်ရင်းများအဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။
ပုံစာ – ၂၀၁၈ ခုနှစ်က တွေ့ရသည့် မိုးကုတ်မြို့ရှိ လက်လုပ်လက်စားလုပ်ကွက်တစ်ခု။
ဓါတ်ပုံ – Mawkun Magazine
#Dailynews

