ပေါက်တော-၂၀၂၃ ဇူလိုင် ၄ (မော်ကွန်း)
မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါတွေအဖြစ်များနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ကျွန်တော့်သမီးလေးသွေးလွန်တုပ်ကွေးဖြစ်တာ စစ်တွေက ဆေးရုံမှာတင်လိုက်ရပါတယ်။ အခုကျွန်တော့်သားလေးလည်း သွေးလွန်တုပ်ကွေးလက္ခဏာတွေပြနေလို့ဆေးသွားစစ်နေရတယ် ”လို့ ပေါက်တောမြို့နယ်ဒေသခံတစ်ဦးကပြောပါတယ်။
သူ့သမီးလေးလိုပဲပေါက်တောမြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတာတွေမြင်တွေ့လာနေရတယ်လို့ ဆိုပါတယ်။
ပေါက်တောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်ဌေးကတော့ “သွေးလွန်တုပ်ကွေးဖြစ်တဲ့သူတွေရှိလာတော့ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူးကို ကျွန်တော်တို့ခြင်ဆေးဖြန်းသင့်ပြီလားလို့မေးတယ်။ စောသေးတယ်လို့သူကပြောတယ်။ ဖြန်းမယ်ဆိုလည်း ကျွန်တော်တို့မှာရှိတဲ့ရန်ပုံငွေတွေနဲ့ ဆရာတို့နဲ့အကုန်စုပေါင်းလုပ်ကြမယ်ဆိုပြီးပြောထားတယ်။ လောလောဆယ်တော့ ဒီမှာ ခြင်ဆေးဖြန်းတာတွေတော့မရှိသေးဘူး။” လို့ပြောပါတယ်။
မြန်မာနိုင်ငံရဲ့အဆင်းရဲဆုံးပြည်နယ်တွေထဲကတစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းဒဏ်ကို ခံရလို့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတဲ့အချိန်မှာပဲသွေးလွန်တုပ်ကွေးပြဿနာကြုံတွေ့နေရတာပါ။
စစ်ကောင်စီရဲ့ရခိုင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ယခုလ ၁ ရက်ထိ သွေးလွန်တုပ် ကွေးရောဂါကြောင့် ဆေးရုံရောက်လာသူ ၄၂၆ ဦးရှိလာပြီလို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေရေးသားထားပါတယ်။
ရခိုင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါအဖြစ်အများဆုံးခုနှစ်ဟာ ၂၀၁၇ ဖြစ်ပြီး သေဆုံးသူ ၂၇ ယောက်ရှိခဲ့ တယ်လို့ ဦးလှသိန်းကရေးသားပါတယ်။
၂၀၁၉ ကဆိုလည်း ရခိုင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁,၈၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ရှစ်ဦးရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့စာရင်းတွေအရသိရပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွါးနေတဲ့ပေါက်တောမြို့နယ်ဟာမိုခါမုန်တိုင်းဒဏ်ကိုအဆိုးရွားဆုံးခံရတဲ့မြို့နယ် တွေထဲကတစ်ခုဖြစ်ပါတယ်။ တစ်ချို့ရွာတွေမှာဆို ဆားငံရေတွေဝင်သွားတဲ့သောက်သုံးရေကန်တွေကို အခုချိန်ထိမစုပ်ထုတ်နိုင်သေးဘဲ အနီးအနားကျေးရွာတွေ ကနေသောက်သုံးရေ သွားယူနေရတယ်လို့ဒေသခံတွေကပြောပါတယ်။
ပုံစာ- မိုခါမုန်တိုင်းအလွန် ပေါက်တောမြို့နယ်ကြိမ်ခွေမော်ပိုက်ဆိပ်ရွာအပျက်အစီးမြင်ကွင်း
Photo – ဦးကောင်းအောင်
#Dailynews

