မြန်မာ့မီဒီယာ အခင်းအကျင်း ဘယ်လိုပုံစံဖြစ်နေပြီလဲ(ဝါရင့် သတင်းစာဆရာ ဦးသီဟစောနှင့် တွေ့ဆုံမေးမြန်းခြင်း)

Photo: Zayar Hlaing

၂၀၁၄-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၆)မှ အင်တာဗျူး ဆောင်းပါး ဖြစ်ပါသည်။

ကောင်းမြတ်မိုး တွေ့မေးသည်။

မော်ကွန်း။  ။ ဦးသိန်းစိန် အစိုးရတက်လာပြီး အခုသုံးနှစ်ကျော် လေးနှစ်အတွင်းမှာ မီဒီယာလောကအနေနဲ့ ဘာတွေများ တိုးတက်လာပြီး ဘာတွေများဆုတ်ယုတ်သွားပါသလဲ။

ဦးသီဟစော။  ။ ဦးသိန်းစိန်အစိုးရက ၂၀၁၁ မှာ ကျမ်းကျိန်ပြီး တော့ အစိုးရသစ်ဖြစ်လာတယ်။ ဝန်ကြီးဌာနတွေလည်း ပြန်ပြီး ဖွဲ့စည်းတာရှိတယ်။ တချို့ဝန်ကြီးတွေလည်း ပြောင်းသွားတာတွေ ရှိတယ်၊ တချို့လည်း မပြောင်းလဲဘူး။ မီဒီယာဘက်က ကြည့်မယ် ဆိုရင်တော့ မီဒီယာတွေနဲ့ အဓိကဆက်ဆံရတာတော့ ပြန်ကြား ရေးဝန်ကြီးဌာနပေါ့။ အဲဒီအချိန်မှာ ဝန်ကြီးက ဦးကျော်ဆန်း၊ အရင်လက်ထက်က ဝန်ကြီးပဲ။ မပြောင်းဘဲ ပါလာပေမယ့် သိပ် မကြာဘူး၊ ၂၀၁၂ လောက်မှာ ပြောင်းတယ်။ ဦးအောင်ကြည်ဝန် ကြီးဖြစ်လာတယ်။ မနေ့တစ်နေ့ကပဲ ဦးအောင်ကြည်နေရာမှာ ဦးရဲထွဋ်က ဝန်ကြီးဖြစ်လာတယ်။ ထူးခြားတာက သုံးနှစ်ကျော် ကာလအတွင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက ဝန်ကြီးသုံးဦး ပြောင်းတယ်။ ဒါကတော့ ဟိုဘက်က အုပ်ချုပ်ရေးပိုင်းက လူတွေ အပြောင်းအလဲ။

ဒီဘက်က မီဒီယာ Landscape အပြောင်းအလဲကတော့ ၂၀၁၂ မတိုင်ခင်လောက်မှာ စပြီး အရင်ရှိခဲ့တဲ့ စာပေစိစစ်ရေးကို ပထမတော့ ကဏ္ဍအလိုက် ဖြေလျော့မှုတွေ လုပ်တယ်။ ၂၀၁၂ သြဂုတ်လလောက်မှာတော့ အားလုံးကို စာပေစိစစ်ရေးကို တင် ပြီး ကြိုတင်စိစစ်တယ်ဆိုတဲ့ဟာကို အကုန်လုံးကို ဖြုတ်ချလိုက် တယ်။ သဘောကတော့ စာပေစိစစ်ရေး မရှိတော့ဘူးဆိုတဲ့ဟာ ပေါ့နော်။ အဲဒီမှာတော့ တော်တော်ကို အပြောင်းအလဲတွေရှိ တယ်။ စာပေစိစစ်ရေးမရှိတော့ဘူးဆိုတဲ့ ကာလကျတော့ အရင် တုန်းက စာပေစိစစ်ရေးက ရေးတဲ့ဟာကို ဖြုတ်ခိုင်းတယ်၊ စာပိုဒ် အလိုက် ဖြုတ်တယ်၊ အပုဒ်လိုက်ဖြုတ်တယ်၊ မထည့်ရဘူးဆိုတာ တွေ ဘာတွေရှိတယ်။ အခုကျတော့ ထည့်ချင်တာ ထည့်၊ ကိုယ့် ဘာသာ ကိုယ်တာဝန်ယူဆိုတာမျိုးဖြစ်သွားတယ်။
အဲဒီတော့ လွတ်လွတ်လပ်လပ် ရေးဆိုတော့ ရေးကြတယ်။ ရေးဆိုတဲ့အခါမှာ တော်တော်လေးတော့ ရေးသားခွင့်တွေ ရလာ ပါတယ်။ အထူးသဖြင့်တော့ မဂ္ဂဇင်းတွေဆိုလည်း အရင်က ထိလို့၊ တို့လို့ မရတဲ့အကြောင်းအရာတွေကိုလည်း ရေးလို့ရလာတယ်။

နောက်တစ်ခုက စာနယ်ဇင်းကောင်စီက ဘာတောင်းဆို သလဲဆိုတော့ အခုက မီဒီယာကို စတုတ္ထမဏ္ဍိုင်လို့ ပြောတယ်။ မူလရှိတဲ့ အစိုးရမဏ္ဍိုင်ကြီး သုံးခုရှိတယ်။ အုပ်ချူပ်ရေးဆိုတဲ့ အစိုးရ၊ ဥပဒေပြုရေးဆိုတဲ့ လွှတ်တော်၊ နောက် တရားရေး      မဏ္ဍိုင် အဲဒီသုံးခုနဲ့ မီဒီယာကြားမှာ ပိုပြီးတော့ အပြန်အလှန် နား လည်ဖို့လိုတယ်။ မီဒီယာတွေ ဘာလုပ်နေလဲ၊ မီဒီယာကျင့်ဝတ် ဆိုတာတွေကို သိဖို့လိုသလို ဟိုဘက်က မဏ္ဍိုင်တစ်ခုချင်းရဲ့ လုပ် ပုံကိုင်ပုံတွေကိုလည်း ဒီဘက်(မီဒီယာဘက်)ကသိဖို့လိုတယ်။ အပြန်အလှန်ဆက်သွယ်မှု၊ အပြန်အလှန်နားလည်မှုရှိဖို့လိုတယ်။ အဲဒီမဏ္ဍိုင်လေးခုစလုံးဆုံတဲ့ ဆွေးနွေးပွဲတစ်ခုလုပ်ပေးဖို့ တောင်းဆိုတယ်။ အဲဒါလည်း သဘောတူတယ်။ မကြာခင်လုပ် ပေးမယ့် သဘောရှိတယ်။

ဥပဒေတွေကို အစိုးရဘက်က ရေးနေတာတွေ ရှိတယ်။ အများပြည်သူဆိုင်ရာဝန်ဆောင်မှု မီဒီယာဥပဒေ၊ ရုပ်သံဥပဒေ၊ စာကြည့်တိုက်နဲ့ ပတ်သက်တဲ့ ဥပဒေ၊ ရုပ်ရှင်ဗီဒီယိုဥပဒေ၊ ဆို တော့ အတန်အသင့် ဖြေလျော့မှုတွေရှိတယ်။ သို့သော် အတန် အသင့် ထိန်းချုပ်မှုတွေကိုလည်း လုပ်မယ်ဆိုတဲ့သဘော တွေ့ရ တယ်။ ဥပမာဆိုရရင်တော့ အများပြည်သူဆိုင်ရာဝန်ဆောင်မှု မီဒီယာဥပဒေကို စာနယ်ဇင်းကောင်စီက ပထမတော့ အချက် ၉ ချက်ကန့်ကွက်တယ်။ နောက်ဆုံးတော့ လွှတ်တော်နဲ့ အခြေ အတင်သွားပြောပြီးမှ အားလုံးကို ကန့်ကွက်တယ်။ အကုန်လုံး ကန့်ကွက်တယ်ဆိုတာက နှစ်ပိုင်းပြောလို့ရတယ်။  အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှုသတင်းစာဆိုတာကို အစိုးရသတင်းစာက ပြောင်းချင်တယ်။

ဒီလိုပြောင်းတယ်ဆိုတာက နိုင်ငံတကာမှာ ထုံးစံမရှိဘူး။ တချို့နိုင်ငံတွေမှာ ဗဟိုချုပ်ကိုင်မှုရှိတဲ့နိုင်ငံ၊ ဆိုရှယ်လစ်နိုင်ငံတွေ မှာတော့ အစိုးရသတင်းစာဆိုတာတော့ ရှိတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာတော့ အစိုးရသတင်းစာဆိုတာ လုံးဝမရှိဘူး။ အဲဒီ တော့ အများပြည်သူဝန်ဆောင်မှုသတင်းစာဆိုတာလည်း မရှိဘူး။ အစိုးရသတင်းစာလုပ်ရင် လုပ်၊ ပုဂ္ဂလိကသတင်းစာ လုပ် ရင်လုပ်၊ နှစ်နည်းပဲ ရှိတယ်။ အဲဒီအပိုင်းကို တင်ပြပြီးတော့ မလုပ် စေချင်ဘူးလ့ိုပြောတယ်။ နောက်တစ်မျိုးကတော့ အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှုရုပ်သံ။ ဥပမာ BBC တို့၊ VOA တို့၊ ဂျပန်က NHK တို့ရှိတယ်။ အများပြည်သူဆိုင်ရာဝန်ဆောင်မှု အသံလွှင့် ဌာနတွေ ရှိတယ်။ အဲဒါတွေကလည်း ပြန်ကြားရေးက ရေးနေတဲ့ ရုပ်သံဥပဒေထဲကို ထည့်လိုက်ရင်ရပြီလေ။ ဒါကြောင့် သပ်သပ် ကြီးထပ်ရေးဖို့ မလိုဘူးလို့ သွားပြီး ငြင်းခုံကန့်ကွက်ကြတာပေါ့။

လောလောဆယ် ရွှေ့ဆိုင်းထားမယ်ဆိုတဲ့ သဘောတော့ရှိ တယ်။ ဘယ်တော့ ပြန်ပေါ်လာမလဲတော့ မသိသေးဘူး။ အဲဒီလို အပြောင်းအလဲတွေ တော်တော်ကြီးကို ရှိခဲ့တယ်။ ဒါပေမဲ့ မီဒီယာ သမားတွေဘက်က ကြည့်ရင်တော့ စိန်ခေါ်မှုတွေရှိတယ်။ အဲဒီ စိန်ခေါ်မှုတွေက ထင်ထင်ရှားရှား မြင်လာရတယ်။ ပထမတစ်ခုက ဥပဒေတွေပေါ့နော်။ ဒီသတင်းမီဒီယာ ဥပဒေဆိုရင် သတင်း သမားတွေ ကာကွယ်ဖို့ ၊ သတင်းရယူခွင့်တို့၊ ဘာတို့ရေးထား တယ်။ နည်းဥပဒေအဆင့်ကိုရောက်ပြီ၊ နည်းဥပဒေက အတည် မပြုရသေးဘူး။ အဲဒါတွေပေါ်လာမှ သတင်းရယူခွင့်တွေ၊ ကာ ကွယ်ပေးမှုတွေ၊ ဘာတွေ ရှိမယ်။ အဲဒါတွေက မပီပြင်သေးဘူး။

နောက်တစ်ခုက တခြားဥပဒေတွေရှိတယ်။ အခု အပြင်း အထန်အရေးယူလိုက်တဲ့ နိုင်ငံတော်လျှို့ဝှက်ဥပဒေတို့ တခြား ပြစ်မှုဆိုင်ရာဥပဒေတို့က သတင်းသမားတွေနဲ့ တိုက်ရိုက်ပတ် သက်နေတယ်။ ဒီဥပဒေရဲ့ စိန်ခေါ်မှုတွေ ရှိနေသေးတယ်။ ထပ် ပြောရမယ်ဆိုရင် အသရေဖျက်မှုပေါ့။ အဲဒါက ဗြိတိသျှဆီက ဥပဒေကို အိန္ဒိယက ဆက်ခံတယ်။ အိန္ဒိယဆီကဟာကို မြန်မာက ထပ်ပြီးတော့ ဆက်ခံတယ်။ ဒါက ဟိုးအင်္ဂလိပ်ခေတ်ကတည်းက ရေးခဲ့တဲ့ ဥပဒေ ဒီနေ့အထိ သုံးရတုန်းပါပဲ။ ဒါပေမဲ့ သူတို့ဘက်တွေ မှာ မူရင်းရေးခဲ့တဲ့ အိန္ဒိယတို့၊ ဗြိတိသျှတို့က အခု အဲဒါကို ပြစ်မှု ဆိုင်ရာ ဥပဒေထဲမှာ မထားတော့ဘူး။

ဒီလိုထားထားတော့ အရေးမယူဘူးလားဆို ယူတယ်။ပြစ် မှုဆိုင်ရာဥပဒေဆိုရင် ထောင်ချလို့ရတယ်။ အိန္ဒိယတို့၊ ဗြိတိသျှ တို့ အဲဒါကို တရားမမှုထဲ ထည့်လိုက်ပြီ။ ဒါမျိုးဖြစ်လာရင် အမှု ရင်ဆိုင်ပြီး ငွေကြေးအရပဲ ပြစ်ဒဏ်ပေးလို့ရတော့တယ်။ ထောင် မကျတော့ဘူး။ ဟိုမှာပြောင်းသလို ဒီမှာလည်းပြောင်းဖို့ လိုတယ် လို့ တို့ကတော့ ယူဆတယ်။

ခြုံပြောမယ်ဆိုရင်တော့ မီဒီယာနဲ့ပတ်သက်လို့ ဥပဒေရေး ရာ စိန်ခေါ်မှုတွေကတော့ ရှိနေတုန်းပဲ။ ပြောင်းရမှာတွေ ရှိသေး တယ်။ ပြင်ရမှာတွေ ရှိသေးတယ်။ သတင်းသမားတွေက သိထား သင့်တာတွေ ရှိသေးတယ်။

နောက်ထပ်စိန်ခေါ်မှုတစ်ခုက မီဒီယာပိုင်ဆိုင်မှုပေါ့။ တို့ အရင်လုပ်ခဲ့တာ မဂ္ဂဇင်းတို့၊ သတင်းစာတို့၊ ဂျာနယ်တို့ပေါ့။ ဒါ တွေက အရင်ကနဲ့ မတူတော့ဘူး။ အရင်းအနှီးက ကြီးလာပြီ။ အရင်ကလို သိန်း ဆယ်ဂဏန်း၊ ရာဂဏန်းလောက်နဲ့ လုပ်လို့ မရတော့ဘူး။ ထောင်ချီသောင်းချီနဲ့မှ လုပ်လို့ရတော့တယ်။ ငွေ ကြေးများများရင်းနှီးမှ ရမှာမို့လို့ ငွေကြေးများတဲ့သူတွေ ဝင်လာ မယ်။ အသံလွှင့်လုပ်ငန်းတွေ ဆိုပိုဆိုးတာပေါ့။ ဒေါ်လာ သန်း ဆယ်ဂဏန်းတို့၊ ရာဂဏန်းတို့နဲ့ လုပ်ရမှာဆိုတော့။ အဲဒီလိုလုပ် မှာတွေက ဘယ်သူတွေလည်း အစိုးရကလား၊ လုပ်ငန်းရှင်ကြီး တွေလား၊ သာမန် အများဝိုင်းလုပ်ကြတဲ့ဟာတွေလား အဲဒီပိုင် ဆိုင်မှုတွေမှာ မှုတည်ပြီးတော့ သတင်းလွတ်လပ်ခွင့်မှာ အတိုင်း အတာတွေ၊ အကန့်အသတ်တွေ ရှိလိမ့်မယ်။ အဲဒါကလည်း စိန် ခေါ်မှုတစ်ခုပဲ။ အဲဒီလို မီဒီယာပိုင်ဆိုင်မှုတွေမှာ ကုမ္ပဏီကြီးတွေ ဝင်လာကြတဲ့အခါမှာ သူတို့ရဲ့ ပိုင်ဆိုင်မှုကြောင့် သတင်းလွတ် လပ်ခွင့်ပေါ်မှာ အတားအဆီး၊ အကန့်အသတ်တွေ ပေါ်နိုင်တယ်။ အဲဒါကလည်း ဒုတိယအရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခုပဲ။

နောက်ဆုံးစိန်ခေါ်မှုကတော့ တို့သတင်းသမားတွေနဲ့ ကိုယ်တိုင်ဆိုင်တယ်။ သတင်းသမားတွေရဲ့ ကျင့်ဝတ်တို့၊ အရည် အသွေးဆိုတဲ့ ကိစ္စတွေပေါ့။ အစိုးရကပြောတယ်။ သတင်းသမား လေးထောင်ကျော်ရှိတယ်လို့။ အဲဒီလေးထောင်ကျော်ကရော ပရော်ဖက်ရှင်နယ် ပီပီသသလုပ်နိုင်ကြပြီလား၊ အရည်အသွေး ပြည့်ဝသွားပြီလား။ အမှန်အတိုင်းပြောရရင်တော့ မပြည့်ဝသေး ဘူး၊ ဖြည့်ဆည်းစရာတွေ အများကြီးကျန်နေသေးတယ်။ ဒါက လည်း စိန်ခေါ်မှုတစ်ခုပေါ့နော်။ အကုန်လုံးလိုလိုက ပရော်ဖက်ရှင် နယ်ပီသတယ်၊ ကိုယ်ရဲ့အရည်အသွေးအပိုင်းရော၊ ကျင့်ဝတ် အပိုင်းရော လုံတယ်ဆိုလို့ ရှိရင်တော့ ပြဿနာတွေ စိန်ခေါ်မှုတွေ က နည်းမှာပဲ။ ကိုယ့်ဘက်က လိုအပ်ချက်များရင်တော့ အဲဒါကြီး က စိန်ခေါ်မှုတစ်ခု ဖြစ်နေမှာပဲ။ လက်ရှိမီဒီယာလောကက ခုန ကလို ပြောင်းလဲမှုတွေရှိတယ်၊ လွတ်လပ်မှုတွေ အတန်အသင့် ရတာရှိတယ်။ ဒါပေမဲ့ အဲဒီစိန်ခေါ်မှုတွေကတော့ ရှိနေတုန်းပဲ။

ကျင့်ဝတ်တွေနဲ့ သွားလို့ရှိရင် ဘာဖြစ်မလဲဆိုတော့ နှစ်ခု ရှိတယ်။ တစ်ခုက ကျင့်ဝတ်ဆိုတာက ဒါလုပ်ပါ၊ဟိုဟာ မလုပ်ပါနဲ့ ဆိုတာက ချုပ်ချယ်တာမဟုတ်ဘူး။ ကျင့်ဝတ်အတိုင်းသွားလို့ရှိ ရင် ပရော်ဖက်ရှင်နယ်ပီသလာမယ်။ နှစ်အချက်ကတော့ ကျည် ကာအင်္ကျီဖြစ်မယ်၊ အကာအကွယ်ပေါ့။ Hate Speech (အမုန်း စကား) နဲ့ ပတ်သက်လို့ ဒီဟာ၊ ဒီဟာ  မရေးနဲ့ဆိုတာက ရေးရင် တရားစွဲခံရမှာစိုးလို့။ ကျင့်ဝတ်ရဲ့ အဓိကအချက်က သတင်းသမား တွေ ပရော်ဖက်ရှင်နယ်ပီသဖို့နဲ့ အကာအကွယ်ရဖို့ပါ။

နှစ်ပေါင်းငါးဆယ်လောက်ကို အချုပ်အချယ်နဲ့ နေခဲ့ရ တယ်။ အခု သတင်းလွတ်လပ်ခွင့်လို့ပြောပေမယ့် အကန့်အသတ် တွေတော့ ရှိနေသေးတယ်။ ခုနပြောသလို စိန်ခေါ်မှုတွေ၊ ကန့် သတ်မှုတွေ ရှိနေသေးတယ်။ အဲဒါကလည်း နှစ်နှစ်သားလောက်ပဲ ရှိသေးတယ်။ ၂၀၁၂ လောက်ကမှ စပြီး လုပ်ခွင့်တွေရတာကိုး။အဲဒီနှစ်နှစ်သားလေးကလည်း လမ်းလျှောက်တဲ့အခါမှာ ယိုင်တိ ယိုင်တိုင်တော့ ဖြစ်နေဦးမှာပဲ။ လူကြီးလောက်တော့ အခြေခိုင်မှာ မဟုတ်ဘူး။ ဒီမိုကရေစီကို ကျင့်သုံးတဲ့ အစိုးရကိုယ်တိုင်ကလည်း သုံးနှစ်ပဲရှိသေးတယ်။ သုံးနှစ်သားနဲ့ နှစ်နှစ်သားတို့ တွေ့နေကြ တာပေါ့။

အဲဒီဟာတွေမှာ ပွတ်တိုက်မှုတွေ၊ ထိခိုက်မှုတွေကတော့ ရှိ နေဦးမှာပဲ။ ကြီးတဲ့သူက ငယ်တဲ့သူကို ထိပ်ပုတ်ခေါင်းပုတ်ဆို သလိုမျိုးပေါ့။ ထိပ်ပုတ်ခေါင်းပုတ်က တော်သေးတယ်။ သုံးနှစ် သားအစိုးရက နှစ်နှစ်သားမီဒီယာကို တုတ်နဲ့ကောက်ရိုက်လို့ရှိရင် ငယ်ငယ်လေးဆိုတော့ ပိုနာမှာပေါ့နော်။ အဲဒီလိုမျိုးတွေ တွေ့ခဲ့ရ တယ်။ ရှိလည်းရှိနေဦးမှာပဲ။ ဒီမိုကရေစီကျင့်သုံးနေတဲ့ အစိုးရ ဘက်က ကျင့်သားရလာမှ ဒီမီဒီယာဘက်ကလည်း ခုနကလို အရည်အသွေး၊ ကျင့်ဝတ်တွေ တည်ဆောက်ပြီးမှပဲ သတင်းလွတ် လပ်ခွင့်က ဒီထက်ပိုပြီး ပြီပြင်လာမယ်လို့ထင်တယ်။

မော်ကွန်း။  ။ ထွက်ဖူးခဲ့သမျှ သတင်းစာတချို့လည်း ရပ်ကုန်ပြီ၊ တချို့တွေလည်း ရပ်လုဆဲဆဲဖြစ်နေတယ်။ တချို့ကြတော့လည်း အရှုံးခံပြီး ဆက်ထုတ်နေတယ်။ ဒါကြောင့် နောက်နှစ်ကျရင် သတင်းစာတွေရဲ့ ကံကြမ္မာတွေက ဘယ်လိုရှိနိုင်မလဲဆရာ။

ဦးသီဟစော။  ။ အခုငါတို့ဆီမှာက အစိုးရသတင်းစာတွေပဲ တောက်လျှောက်လုပ်ခဲ့တယ်။ အနှစ် လေး၊ငါးဆယ်ပေါ့။ ၁၉၆၄ လောက်ကတည်းက ပြည်သူပိုင်သိမ်းတာလေ။ အဲဒီမတိုင်ခင်က သတင်းစာတွေအများကြီးရှိတယ်လို့ သိရတယ်။ ဆရာကြီးတွေ ပြောတာတော့ အစောင် ၇၀၊ ၈၀ ကျော်လောက်ရှိတယ် ပြော ကြတယ်။ မြန်မာလိုရော၊ အင်္ဂလိပ်လိုရော၊ တရုတ်လိုရော၊ ကုလားလိုရောစသဖြင့်ပေါ့နော်။ တော်တော်များများ လွတ်လွတ် လပ်လပ်ရှိခဲ့တယ်။ အဲဒီဟာတွေကို ပိတ်တဲ့ဟာပိတ်ပြီး ပြည်သူ ပိုင်သိမ်းပြီးတော့ အနှစ်ငါးဆယ်လောက်လုပ်ခွင့်မရဘဲနဲ့ အခု စလုပ်ခွင့်ရတဲ့အခါမှာ အားတက်သရောလုပ်ချင်ကြတာပေါ့နော်။

သတင်းစာထုတ်ချင်တယ်၊ ပုဂ္ဂလိကသတင်းစာဆိုရင် တော့ နေ့စဉ်သတင်းတွေ၊Fresh ဖြစ်တဲ့သတင်းတွေကို လွတ် လွတ်လပ်လပ်ရေးမယ်ဆိုတဲ့ စိတ်ရှိကြတယ်။ ဒါပေမဲ့ တကယ် တမ်းပြောတော့ သတင်းစာထုတ်မယ့်အခါမှာ စိန်ခေါ်မှုတွေ ရှိ တယ်။ သူ့ဆီမှာလည်း စိန်ခေါ်မှုတွေ ရှိတယ်။

သတင်းစာတွေ အကုန်လုံးမှာ သတင်းနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ ကာတွန်းတွေ အဲဒီကဏ္ဍတွေ ရှိ သလို တစ်ဖက်ကလည်း ငွေကြေးကဏ္ဍတွေ ရှိတယ်။

သတင်းစာက ခုနကပြောသလို သိန်းထောင်ဂဏန်း၊ သောင်းဂဏန်းဖြစ်လာတယ်။ ဖြစ်လာတဲ့အခါမှာ လက်ရှိအနေ အထားမှာ အစိုးရသတင်းစာက တစ်စောင်ကို ကျပ် ၅၀ နဲ့ ရောင်း တယ်။ အပြင်သတင်းစာတွေက ၁၀၀၊ ၁၂၀ စသဖြင့် ရောင်းကြ တယ်။ ဈေးနှုန်းက ကွာနေပြီ၊ ဈေးနှုန်းကလည်း ဒီထက်ပိုပြီးတော့ မချနိုင်ဘူး။ ဒီထက်ဈေးတင်ရင်လည်း ဝယ်မှာမဟုတ်တော့ဘူး။ ဈေးနှုန်းရဲ့ အကန့်အသတ်တစ်ခုနဲ့ သွားရတာမို့လို့ စောင်ရေ တစ် ထောင်ပဲရှိရှိ၊ တစ်သောင်းပဲရှိရှိ၊ ငါးသောင်းပဲရှိရှိ၊ ခုနစ်သောင်းပဲ ရှိရှိ စောင်ရေပေါ်မှာ အမြတ်အစွန်းက မရှိနိုင်ဘူး။

စက္ကူဖိုးတွေ၊ ရိုက်ခတွေ ကာမိရုံပဲ။ တစ်ခါတလေ ကာချင်မှ တောင် ကာမိချင်တာ။ အဲဒီကြားထဲမှာDemocracy Today က သူက စပြီးတော့ ၅၀ ဆင်းရောင်းတယ်။ သူက အရှုံးခံပြီးတော့ စောင်ရေတက်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါလိမ့် မယ်။ အဲဒီသက်ရောက်မှုက တခြားသူတွေမှာ ထိတယ်။ စောင်ရေ အတက်အကျတွေ ဖြစ်ကုန်တယ်။ စောင်ရေပေါ်မှာ အမြတ် အစွန်းက သိပ်မရှိနိုင်ဘူး။ ဒါဆို ဘယ်လိုလုပ်ကြမလဲ။ အထွေထွေ အသုံးစရိတ်တွေရှိတယ်၊ ဖြန့်ချိရေးအသုံးစရိတ်၊ ရုံးဝန်ထမ်းနဲ့ သတင်းသမားတွေအတွက် လစာတွေရှိတယ်။ လူကလည်း အရင်လို ၁၄၊ ၁၅ ယောက်လုပ်လို့မရတော့ဘူး။ ၅၀၊ ၁၀၀၊ ၂၀၀ စသဖြင့်ပေါ့။ အဲဒါတွေကို Coverမ ဖြစ်ဖို့ဆိုရင် ကြော်ငြာဘက်က ဝင်ငွေကို အားပြုရတယ်။ ကြော်ငြာဘက်က ဝင်ငွေကို အားပြု တော့လည်း ဘယ်သူမှ ထင်သလောက်မရကြသေးဘူး။ မရတဲ့ အခါမှာ အရှုူံးပေါ်တယ်ဆိုတဲ့ ကိစ္စဖြစ်လာတာပဲ။

တကယ်တော့ သတင်းစာက လုပ်ရင် ချက်ချင်းမမြတ်ဘူး။ ပြောဖူးတဲ့ ဥပမာတစ်ခုရှိတယ်။ မနက်မိုးလင်းရင် ရောင်းတယ် ပေါ့။ မနက်မိုးလင်းရင် အီကြာကွေးရောင်းတယ်၊ ကောက်ညှင်း ပေါင်းရောင်းတယ်၊ နေ့တိုင်းအရှုံးအမြတ်တွက်လို့ရတယ်။ သတင်းစာက အဲဒီလိုမဟုတ်ဘူး။ သစ်ပင်စိုက်ရသလိုပဲ။ ကိုယ် စိုက်တာ ဘာလဲ၊ ရော်ဘာပင်လား၊ ကျွန်းပင်လား ကိုယ်စိုက်တဲ့ အပေါ်မှာမူတည်တယ်။ သတင်းစာက နှစ်လတ်ပင်လို့ ပြောရ တယ်။ တစ်ရာသီတည်း စားရတာမဟုတ်ဘူး။ သူက သူသီးချိန်၊ ပွင့်ချိန်တန်မှ ရတာ။ သီးချိန်၊ပွင့်ချိန် မတိုင်ခင်မှာ ကိုယ်က ရင်းနှီး ထားရတာတွေ ရှိတယ်။

အဲဒီအရင်းအနှီးကာလက တစ်နှစ်ဖြစ်ရင်ဖြစ်မယ်၊ သုံးနှစ် ဖြစ်ရင်ဖြစ်မယ်၊ ငါးနှစ်ဖြစ်ရင်ဖြစ်မယ်။ ဒါကတော့ နိုင်ငံရဲ့ စီးပွား ရေးအခြေအနေ၊ လူမှုရေးအခြေအနေအမျိုးမျိုးပေါ်မှာ မူတည် တယ်။ အဲဒါမတိုင်ခင်မှာ ရှုံးတဲ့ဟာကို သတင်းစာရှုံးတယ်လို့ ပြောကြတာရှိတယ်။ ဒါပေမဲ့ တချို့ကတော့ အရင်းကြေတဲ့အမှတ် ကို ကျော်ပြီး ရပ်တည်နိုင်တဲ့ အနေအထားကို အနှေးနဲ့ အမြန် ရောက်မယ်လို့ ယူဆကြတယ်။

နောက်တစ်ခုက ကြော်ငြာပိုင်းကို ပြောမယ်ဆိုရင်၊ ကိန်း ဂဏန်းတစ်ခုကို ပြောမယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ကြော်ငြာ ဈေးကွက်က တစ်နှစ်ကို ဒေါ်လာသန်း ၂၀၀ ကျော်ကျော်လောက် ရှိတယ်။ နောက်လည်းတိုးလာဖို့ရှိတယ်။ နောက်သုံးနှစ်အတွင်း နှစ်ဆတိုးမယ်လို့ တွက်ကြတာရှိတယ်။ အဲဒီတော့ ကြော်ငြာကို ဝေယူကြတာပေါ့။ ဝေယူတဲ့နေရာမှာ ရုပ်သံပေါ့။ တီဗီက ကြော် ငြာတော်တော်များများကို ယူသွားတယ်။ ၇၀ ရာခိုင်နှုန်းလောက် ကို ယူသွားကြတယ်။ ၂၀ ရာခိုင်နှုန်းကျော်ကျော် အစိတ်၊ ၃၀ လောက်ဟာက Print Media  ဘက်ကို ရောက်လာတယ်။ Print Media ကိုရောက်တဲ့အခါမှာ သတင်း စာတစ်ခုတည်းရှိတာ မဟုတ်ဘူး။ ဂျာနယ်တွေရှိတယ်၊ မဂ္ဂဇင်းတွေ ရှိတယ်၊ အဲဒါကို ထပ်ပြီး ဝေယူကြပြန်ရော။ အဲဒီတော့ ကိတ် မုန့်ကို ဖဲ့ရင်းဖဲ့ရင်းနဲ့ ကိုယ်ရတဲ့အပိုင်း သေးသွားတာပေါ့။ သေးသွားတော့ ကိုယ်ရတဲ့ အပိုင်းကိုလည်း ကြီးအောင်ကြိုးစားရတယ်။

နောက်တစ်ခုက ကိတ်မုန့်ကြီးတစ်ခုလုံးကြီးလာအောင် ပေါ့။ ကြော်ငြာဈေးကွက်ကြီးတစ်ခုလုံး သန်း၂၀၀ ကနေ သန်း ၄၀၀ ဖြစ်လာမယ်ဆိုရင် ကိုယ်ရတဲ့အပိုင်းကလည်း ကြီးလာမှာ ပေါ့။ အဲဒါတွေကတော့ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ အဲဒီလိုကြီး ဖြစ်လာမယ်လို့ ယူဆတယ်။ တစ်ခုပဲရှိတယ်။ သတင်းစာတွေ အများကြီးတော့ Survive ဖြစ်မယ်မထင်ဘူး။ တော်တော်များ များကတော့ ဖြစ်အောင်ကြိုးစားကြမှာပေါ့။ ကြိုးစားကြတဲ့အခါ မှာ တချို့ကတော့ ကုမ္ပဏီကြီးတွေအနေနဲ့ ဖွဲ့ပြီးလုပ်တယ်။ တချို့ ကျတော့ အများပိုင်ကုမ္ပဏီအဖြစ်နဲ့ သွားကြတာတွေ ရှိတယ်။ ဆိုတော့ ဒီလိုပဲ ရုန်းကန်ရင်းနဲ့ ရပ်တည်လို့ ရသွားမယ်လို့ထင်ပါတယ်။

မော်ကွန်း။  ။ အခု ဦးရဲထွဋ်က ပြန်ကြားရေးဝန်ကြီး ဖြစ်လာပြီ ဆိုတော့ မီဒီယာလောကအပေါ်မှာ ဘယ်လိုများ ပြောင်းလဲပြီး သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါသလဲ။

ဦးသီဟစော။  ။ ပြောမယ်ဆိုရင်တော့ ဦးရဲထွဋ်က အရင် ဦးကျော်ဆန်းတို့ရှိတဲ့ကာလက òန်ချုပ်တစ်ယောက်အဖြစ် လုပ် ခဲ့တယ်။ ပြန်ကြားရေးနဲ့ ပြည်သူဆက်ဆံရေးòန်ချုပ်ပေါ့။ အဲဒီက နေ ဒုဝန်ကြီးဖြစ်တယ်။ နောက် သမ္မတပြောရေးဆိုခွင့်ဖြစ်တယ်။အခု ဝန်ကြီးဖြစ်လာတယ်။ သူကလည်း ပြန်ကြားရေးနဲ့ ပတ်သက် တဲ့ အတွေ့အကြုံအများကြီးရှိတဲ့သူပေါ့။ အရင်ဝန်ကြီး နှစ်ပါး စလုံးရဲ့ လက်အောက်မှာ လုပ်ခဲ့တာဆိုတော့ အဲဒီဌာနရဲ့ ကိစ္စတွေ တော်တော်များများကို နားလည်သဘောပေါက်တယ်၊ ကျွမ်း ကျင်တယ်ပေါ့။

ဒါပေမဲ့ တို့အမြင်မှာတော့ အခုသွားနေတာက သူတို့ ဝန် ကြီးပြောင်းတယ်ဆိုတာက ပေါ်လစီပြောင်းဖို့ဆိုတာထက် လုပ် နည်းလုပ်ဟန်ပြောင်းဖို့ပေါ့နော်။ ဘာကြောင့်လည်းဆိုတော့  ဥပဒေငါးခုရေးနေတာရှိတယ်။ စာနယ်ဇင်းကောင်စီက ရေးနေတဲ့ မီဒီယာဥပဒေကို ဖယ်လိုက်။ ပြန်ကြားရေးက ရေးနေတာက ပထမတစ်ခုဖြစ်တဲ့ ပုံနှိပ်ထုတ်ဝေဥပဒေကတော့ ပြီးသွားပြီ။ နည်းဥပဒေအဆင့်ကို ရောက်နေပြီ။ သုံးလို့ရတော့မယ်။ ဒုတိယ တစ်ခုက အများပြည်သူဆိုင်ရာမီဒီယာဥပဒေ၊ နောက်ရုပ်သံ ဥပဒေ၊ နောက်စာကြည့်တိုက်ဥပဒေ။ အဲဒါတွေက နဂိုကတည်းက ရှိပြီးသားအစီအစဉ်တွေ၊ ဦးကျော်ဆန်းခေတ်က လုပ်တယ်။ ဦးအောင်ကြည်ခေတ်လည်း လုပ်တယ်။ ဦးရဲထွဋ်လည်း ဆက် လုပ်မှာပဲ။ ဒီဘောင်ထဲက ထွက်သွားမယ်မထင်ဘူး။

အဲဒါတွေကို မရေးတော့ဘူးဆိုတဲ့ဟာကိုပြောမှာ မဟုတ် ဘူး။ ရေးခဲ့တဲ့ဟာတွေကို ဆက်ရေးမှာပဲ။ လုပ်နည်းလုပ်ဟန်တွေ တော့ ကွာမယ်။ လုပ်နည်းလုပ်ဟန်ဆိုတာ မီဒီယာနဲ့ ဆက်ဆံတဲ့ ပုံစံ သို့တည်းမဟုတ်လည်း သူ့ဌာနအတွင်းမှာ လုပ်တဲ့ စီမံခန့်ခွဲမှု ပုံစံပေါ့နော်။ စီမံခန့်ခွဲမှု Style တွေပဲ ပြောင်းမယ်ထင်တယ်။ ပေါ်လစီကတော့ မီဒီယာအပြောင်းအလဲဖြစ်စရာ အကြောင်းမရှိ ဘူးလို့ ထင်တယ်။ စီမံခန့်ခွဲမှု လုပ်ပုံလုပ်နည်းတွေပဲ ပြောင်းမယ်လို့ ထင်တယ်။

မော်ကွန်း။  ။ အဲဒီလိုဖြစ်လာရင်ရော မီဒီယာအပေါ် ဘာတွေ သက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။

ဦးသီဟစော။  ။  မီဒီယာကို  ဦးရဲထွဋ် တစ်ယောက်တည်းနေရာကနေ မကြည့်ဘဲနဲ့ မီဒီယာရဲ့ အနေအထားကို ပြန်ကြည့်။ မီဒီယာက ဒီမို ကရေစီနိုင်ငံအစစ်ဆိုလို့ရှိရင် တကယ့်သီးခြားလွတ်လပ်တဲ့    မဏ္ဍိုင်တစ်ခုဖြစ်ရမယ်။ ဒါပေမဲ့ အဲဒီအဆင့်ကို မရောက်သေးဘူး။ ပြန်ကြားရေးက မြန်မာနိုင်ငံရဲ့ မီဒီယာပြောင်းလဲမှုမှာ အဓိကကျ တဲ့ ကဏ္ဍက သွားရမှာ။ ဘာကြောင့်လည်းဆိုတော့ သူ အရင်ချုပ် ကိုင်ခဲ့တာကိုး။ ချုပ်ကိုင်တာတွေကို ဖြေလျှော့ရမယ်၊ လွှတ်ပေးရ မယ်။ ပုဂ္ဂလိကကဏ္ဍတွေရဲ့ အဆင့်အတန်းကို အသိအမှတ်ပြုပြီး မြှင့်တင်ပေးရမယ်။ ဦးရဲထွဋ်တက်လာပေမယ့် အဲဒီသဘော တရားက မပြောင်းဘူး။

ရေရှည်မှာဆိုလို့ရှိရင် ဥပမာ-အိမ်နီးနားချင်းနိုင်ငံတွေကိုပဲ ကြည့်။ ထိုင်း၊ မလေးရှား၊ စင်ကာပူ။ ကျန်တဲ့နိုင်ငံတွေမှာ ပြန် ကြားရေးဝန်ကြီးဌာနဆိုတာတောင် မရှိတော့ဘူး။ ဗီယက်နမ် မှာတော့ ရှိသေးတယ်။ သူကတော့ ဆိုရှယ်လစ်နိုင်ငံ၊ တစ်ပါတီ နိုင်ငံမို့လို့ ထားတာ။ ကျန်တဲ့နိုင်ငံတွေမှာ  ပြန်ကြားရေးဌာနကို ဝန်ကြီးဌာနတစ်ခုအနေနဲ့ဆိုပြီး မထားဘဲနဲ့ သမ္မတရုံး၊ ဝန်ကြီး ချုပ်ရုံး။ ဌာနဆိုင်ရာတွေမှာ ပြန်ကြားရေးအလုပ်ကိုလုပ်တဲ့ ဌာန ခွဲတွေပေါ့။ ဥပမာ-Press Office အနေနဲ့ပဲ ထားကြတာ။ ဒီနည်း တွေက ပြောင်းရမှာ နောက်ပိုင်းအချိန်တွေမှာပေါ့နော်။ ချက်ချင်း တော့မဖြစ်ပါဘူး။ နောက် ငါးနှစ်၊ ဆယ်နှစ်တောင် ဘယ်လိုသွား မလဲ ခန့်မှန်းလို့ မရသေးဘူး။

တစ်ဖက်က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအရှိန်နဲ့ မီဒီ ယာပြောင်းလဲရေး။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ကဏ္ဍပြောင်းလဲ ရေးက မျဉ်းပြိုင်လိုပဲ သွားနေကြမှာ။ တစ်ခုက တက်လိုက်တစ် ခုက ကျလိုက်ဖြစ်မှာ မဟုတ်ဘူး။ ဟိုဘက်ကပြောင်းရင် ဒီဘက် က ပြောင်းမှာ။ ဟိုဘက်က ပြောင်းလို့ ပီပြင်လာရင် ဒီဘက်က လည်း ပီပြင်လာမယ့်သဘော ရှိတယ်။ အဲဒါကြောင့်မို့လို့ မီဒီယာ က ဝန်ကြီးတစ်ယောက်ပြောင်းလဲရုံနဲ့ ကြီးကြီးမားမား ပြောင်း မယ်လို့ မထင်ဘူး။ ဟိုဘက်က နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှုအတိုင်းအတာနဲ့ ဂယက်က မီဒီယာအပေါ်မှာရှိမယ်လို့ ထင်တယ်။

မော်ကွန်း။  ။ အရင်အစိုးရနဲ့ နီးစပ်ခဲ့တဲ့ စီပွားရေးသမားတွေက မီဒီယာတချို့အပေါ်ကို လက်ဝါးကြီးအုပ်မယ့် အခြေအနေက ဘယ်လိုမျိုး စိုးရိမ်စရာတွေရှိပါသလဲ။ နောက်တစ်ခုက လွတ်လပ် ပြီး အမှီအခိုကင်းတဲ့ Independent မီဒီယာတွေ ထွက်ပေါ်လာဖို့ ဘယ်လိုမျိုးတွေ လုပ်ဆောင်သင့်ပါသလဲ။

ဦးသီဟစော။  ။ ခရိုနီလို့ခေါ်နေကြတဲ့သူတွေပေါ့နော်။ အရင် အစိုးရနဲ့ နီးစပ်ပြီး သန်းကြယ်သူဌေးကြီး ဖြစ်နေကြတယ်။ တော် တော်ကြီးကို ကြွယ်ဝချမ်းသာမှုတွေ ရှိနေကြတယ်။ တချို့လည်း ဝင်ကြလိမ့်မယ်၊ တချို့လည်း ဝင်တာမြင်နေရတယ်။ ဒါပေမဲ့ တို့ အမြင်အရပြောရရင်တော့ ဒီမီဒီယာလောကသားတွေအနေနဲ့    ပြောရရင် သူတို့ သိပ်များများဝင်မယ်လို့ မထင်ဘူး။ ပြောရမယ်ဆို နှစ်ပိုင်းရှိမယ်။ တစ်ပိုင်းက ဥပဒေရှိတယ်၊ လူတစ်ယောက်တည်း က အသံလွှင့်ဌာနတွေလည်း ပိုင်မယ်၊ သတင်းစာတွေ အများကြီး ပိုင်မယ်ဆိုတာတွေ မဖြစ်ရအောင် ကန့်သတ်ထားတာရှိတယ်။ တစ်ယောက်တည်း သတင်းစာတွေ ရာချီပြီးပိုင်တယ်၊ ရုပ်သံလွှင့် ဌာနတွေ လေး၊ ငါး၊ ခြောက်ဆယ်ပိုင်တဲ့ မီဒီယာသူဌေးကြီး ဖြစ် လာဖို့ အလားအလာ နည်းမယ်လို့ထင်တယ်။

နှစ်အချက်က ကုမ္ပဏီအကြီးကြီးတွေဝင်လာတာကို တချို့ မြင်နေရပြီ။ ကြားရတာက သူတို့တောင်မှ စိတ်ညစ်နေရတဲ့ သဘောရှိတယ်။ မီဒီယာဆိုတာ သူတို့ထင်သလောက်မလွယ်ဘူး။ လုပ်ငန်းသဘောအရလည်း Independent ဖြစ်မှ လူတွေက ယုံကြည်မှာ၊ လေးစားမှာ။ မီဒီယာတိုက်ကို ငါပိုင်လို့ ငါချုပ်ချယ် မယ်ဆိုတာက မလွယ်ဘူးဆိုတာကို သူတို့မြင်လာပုံရတယ်။ နောက်တစ်ခုက ငွေရှာတဲ့နေရာမှာပေါ့။

ဥပမာဆိုပါစို့။ သတင်းစာတစ်စောင်ထုတ်ရင် ဒေါ်လာသန်း ချီပြီးတော့ ကုန်ဖွယ်ရှိတယ်။ အဲဒီမှာကြုံတွေ့ရတဲ့ အရှုံးအမြတ် ကိစ္စတွေပေါ့နော် စသဖြင့် ငွေကြေးနဲ့ ပတ်သက်လို့ပေါ့နော်။ သူ ဟာသူ ပိုက်ဆံရှိရင်၊ ဟိုတယ်တစ်လုံး သွားဆောက်လို့ရှိရင် အေး အေးဆေးဆေး ပိုက်ဆံရမယ်။ ဒီဘက်မှာ ခေါင်းကိုက်စရာတွေ အများကြီးပဲ။ ဆိုတော့ များများစားစားဝင်လာကြလိမ့်မယ်လို့ မထင်ဘူး။ ဝင်ပြီးတဲ့သူတွေတောင် တချို့ဆို နောင်တရနေတယ် လို့ကြားတယ်။

နောက်တစ်ခု Independent မီဒီယာနဲ့ ပတ်သက်လို့ရှိရင် ခုနက အချက်သုံးချက်ကို ပြန်ကြည့်လို့ရတယ်။ ဥပဒေဆိုင်ရာ စိန်ခေါ်မှုတွေ၊ မီဒီယာပိုင်ဆိုင်မှုတွေကလည်း တစ်စိတ်တစ်ပိုင်း ပါတယ်။ နောက် ငါတို့မီဒီယာသမားတွေရဲ့ အရည်အသွေးနဲ့ ပရော်ဖက်ရှင်နယ်ပီသမှုတွေ ပါတယ်။ အဲဒီသုံးခုစလုံး များများ ပြည့်စုံလေ မီဒီယာ Independent ဖြစ်လေပဲ။ ဒီအတိုင်းပဲ မင်း တို့ကို မီဒီယာလွတ်လပ်ခွင့် လုံးဝပေးလိုက်ပြီဆိုတာမရှိဘူး။ ပေးတာ မပေးတာထက်ကို ဥပမာ-အစိုးရက ပြန်ကြားရေးဝန်ကြီး ဌာနကိုလည်း မထားတော့ဘူး၊ ဘာမှကို မချုပ်ချယ်တော့ဘူး ပြော(ရင်တောင်) ပုဒ်မ ၁၂၄၊ ပုဒ်မ ၅၀၀၊ ပုဒ်မ၅(ည)တွေ ရှိနေ ဦးမှာပဲ။ ဥပဒေဆိုင်ရာ စိန်ခေါ်မှုတွေကတော့ ရှိနေဦးမှာပဲ။

အဲဒီဥပဒေဆိုင်ရာ စိန်ခေါ်မှုတွေကို ဘယ်လောက်အထိ ကျော်လွှားနိုင်မှာလဲ။ မီဒီယာပိုင်ဆိုင်မှုဆိုရင်လည်း လက်ဝါးကြီး အုပ်မှုကို တားတယ်ဆိုရင်လည်း တကယ့်ကြိုးစားပမ်းစားလုပ် တဲ Independent မီဒီယာဝင်ငွေမရှိလို့ ပြုတ်သွားတယ်ဆို တာတွေလည်း ရှိကောင်းရှိမှာပဲ။ နောက် သတင်းသမားတွေ အရည်အသွေးကလည်း ချက်ချင်းလုပ်လို့ရတာမဟုတ်ဘူး။ အဲဒီ အချက်တွေကို ကျော်နိုင်မှ တကယ့် Truly Independent မီဒီ ယာတွေဖြစ်လာမှာ။ အခုကတော့ Independent မီဒီယာတွေ ရှိမယ်၊ Independent မီဒီယာ မဖြစ်တဖြစ်တွေလည်း ရှိမယ်။

ဥပမာတစ်ခုပြောချင်တယ်။ ပြင်သစ်မှာ တို့သွားလေ့လာ တုန်းက အပတ်စဉ်ထုတ်ဂျာနယ်လေးတစ်စောင်ရှိတယ်။ သူက ငါတို့ဆီက ဂျာနယ်တွေလောက်တောင် စက္ကူကောင်းကောင်း မသုံးဘူး၊ ရိုးရိုးစက္ကူပဲသုံးတယ်။  Color  ကလည်း ၄ Colors မသုံးဘူး၊ ၂ Colors ပဲ သုံးတယ်။ သူ့ကို အစိုးရကရော၊ ပြည်သူ ကရော တော်တော်ကို ကြိုက်တယ်၊ တော်တော်လည်း လေးစား တယ်၊ တော်တော်လည်း ကြောက်တယ်။ သူက တကယ့် Truly Independent ဖြစ်အောင်နေတယ်။ စုံစမ်းထောက်လှမ်းသတင်း တွေကိုလည်း တော်တော်ရေးတယ်။ သမ္မတက လာဘ်စားတာ ဆိုလည်း ရအောင်ဖော်ထုတ်ပြီးရေးတယ်။ သူက တော်တော်ကြီး ကို Independent မီဒီယာ။ အသံလွှင့်ရုံနောက်က သူဌေးကြီးတွေ ရှိတယ်။ သူတို့ကတော့ ဟိုဘက်ဒီဘက် နည်းနည်းယိမ်းတာရှိ တယ်။ သူကတော့ ဘာမှယိမ်းစရာ မလိုဘူး။ သေးသေးလေးပဲ။ ရုံးခန်းလေးကလည်း အကျယ်ကြီးမဟုတ်ပါဘူး။ အယ်ဒီတာချုပ် ကလည်း အမျိုးသမီး။ ကောင်းကောင်းရေးတယ်။ ကောင်း ကောင်း Independent ဖြစ်အောင်လုပ်တယ်။ အဲဒါကြောင့် လည်း ပိုက်ဆံရှိတဲ့သူတွေကြားထဲမှာ ကောင်းကောင်းရပ်တည်လို့ ရတာပေါ့။

သူရော တရားရေးအမှုအခင်းတွေ မရှိဘူးလားမေးတော့ ရှိတယ်။ သူက တစ်နှစ်ကို အမှု ၃၀၊ ၄၀ လောက်ရင်ဆိုင်ရတာ တွေတောင်ရှိတယ်။ ဒါပေမဲ့ သူက ကိုယ်အရည်အသွေးပြည့် အောင် လုပ်ထားပြီးသား။ ဥပဒေတွေကိုလည်း လေ့လာထား တယ်။ ဒါကိုရေးရင် အသရေဖျက်မှုနဲ့ ဆွဲမလား။ ဆွဲရင် ငါ့အတွက် ပြင်ဆင်မှုတွေ ဘာတွေ ရှိတယ်ဆိုတာ ကြိုပြီးလေ့လာထားတယ်။ အဲဒီလို စီစဉ်ပြီးမှ ရေးတာကြောင့် အမှုအများစုကို သူနိုင်တယ်။ သူဘာသူပြင်ဆင်တာလည်း ပါတယ်။ ပြီးတော့ ဟိုမှာက ဒီမို ကရေစီ အရမ်းပြည့်ဝတဲ့ နိုင်ငံတွေမှာ လွတ်လပ်တဲ့တရားရေး မဏ္ဍိုင်ရှိတယ်။

အဲဒါကလည်း လူတိုင်းအပေါ် သက်ရောက်မှုရှိတယ်။ ဥပမာ-သမ္မတကိုရေးရင်လည်း သူမှန်ရင် သူ့ဘက်ကပဲ တရားရေး က လိုက်ပေးတယ်။ သမ္မတက ဆွဲတဲ့အမှုမို့လို့ ထောင်ကျစေဆို တာမရှိဘူး။ သူတို့ဆီမှာက ဥပဒေအတိုင်းပဲ။ မျှမျှတတ တရားစီရင်ရေးစနစ်ရှိတာကြောင့်မို့လို့ အဲဒီဂျာနယ်လေးက ငွေကြေးအရ အကြီးကြီးမဟုတ်ပေမယ့်  Truly Independent Media အဖြစ် ရပ်တည်လို့ရတယ်။

ဆိုတော့ တို့ဆီမှာလည်း အဲဒီလိုတွေ ဖြစ်လာနိုင်တာပဲလေ။ ပိုက်ဆံအများကြီးရှိတာ၊ မရှိတာမဟုတ်ဘဲ လုပ်တာက ကျစ် ကျစ်လျစ်လျစ် ကောင်းအောင်လုပ်မယ်။ နောက်တစ်ခုက မီဒီ ယာလွတ်လပ်ခွင့်လို တရားရေးမဏ္ဍိုင် လွတ်လပ်စွာရပ်တည်နိုင် ခွင့်ကလည်း မီဒီယာလွတ်လပ်ခွင့်နဲ့ ချိတ်ဆက်နေတယ်။ ရေရှည် မှာလည်း လုပ်ငန်းအကြီးကြီးတွေ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ သေးသေးလေးနဲ့လည်း ခုနလို ကောင်းကောင်းအရည်အသွေး ပြည့်ပြည့်၀၀လုပ်လို့ ပရော်ဖက်ရှင်နယ် ပီပီသသလုပ်လို့ Truly Independent Media တွေလည်း ဖြစ်နိုင်တာပဲ။

မော်ကွန်း။  ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့အချိန် မှာ သတင်းလွတ်လပ်ခွင့်နယ်ပယ်ကို ချဲ့ထွင်နိုင်ဖို့အတွက် မီဒီယာ လောကသားတွေအနေနဲ့ ဘာတွေများ လုပ်ဆောင်သင့်ပါသလဲ။

ဦးသီဟစော။  ။ ဘာတွေလုပ်သင့်လဲဆိုတော့ အဓိကကတော့ ကိုယ့်အရည်အသွေးပဲ။ အရင်စာရေးဆရာတွေခေတ်က ပြော တာ ဝမ်းစာဖြည့်တာပေါ့။ အခု တို့ခေတ်က သတင်းစာသမားတွေ က စာအုပ်တောင်မဖတ်တော့ဘူး။ အွန်လိုင်းမှာပဲ ကြည့်တော့ တယ်။ ဆိုရှယ်မီဒီယာသည်သာ Information ရရှိရာဖြစ်လာ တယ်။ ကိုယ့်ဘက်က ဝမ်းစာပြည့်အောင် လုပ်သင့်တယ်။ ဥပမာ စာဖတ်ဖို့လိုတယ်ဆိုတာက အပျော်တမ်းရေးတဲ့စာတွေ၊ ဝတ္ထု တွေကနေ စပြီး ကျမ်းတွေအထိကို လက်လှမ်းမီသလောက် ဖတ် ဖို့လိုတယ်။

ပြီးတော့ သတင်းသမား စဖြစ်ပြီဆိုတာနဲ့ ဥပဒေတွေကို လေ့လာထားဖို့လိုတယ်။ ဥပမာ ပုဒ်မ ၅၀၀ အသရေဖျက်မှုဆိုရင် ကိုယ်ရေးတာကို တိကျမှန်ကန်တဲ့ အထောက်အထားနဲ့ ရေးရ မယ်။ မသေချာဘဲနဲ့ ဟိုက ပြောလို့ရေးတယ်။ ဒီကပြောလို့ ရေး တယ်၊ ထင်တာကိုရေးတယ် ဒါဆိုရင်သွားမှာပဲ။

သတင်းသမားတွေရဲ့ အရည်အသွေးက အဓိက အရေးကြီး တယ်။ ပြီးတော့ ကျင့်ဝတ်တွေပေါ့နော်။ ကျင့်ဝတ်တွေဆိုတာက လည်း စာနယ်ဇင်းကောင်စီက ကျင့်ဝတ်တွေဆိုတာကလည်း နိုင်ငံတကာမှာ ရှိတဲ့ သတင်းသမားကျင့်ဝတ်တွေကို ယူပြီးတော့မှ ကိုယ်နဲ့ ကိုက်ညီတဲ့ဟာတွေကို ကိုယ့်ဆီက မီဒီယာသမားတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ ရေးထားတာပါ။ ဆိုတော့ ဒီသတင်း သမားတွေအနေနဲ့ကတော့ အဓိကအချက်ကတော့ ကိုယ်ရဲ့       ပရော်ဖက်ရှင်နယ် အရည်အသွေးဖြစ်ဖို့ အမြဲဝမ်းစာပြည့်နေ အောင်ဖြည့်ဖို့ အဲဒီလို များများလုပ်လေ သတင်းလွတ်လပ်ခွင့်နဲ့ နီးစပ်လေဖြစ်မှာပါ။

မော်ကွန်း။  ။ ယူနတီဂျာနယ်က သတင်းထောက်တွေကို စံချိန် တင် ထောင်ဆယ်နှစ်ချခဲ့တယ်။ ဒီအပေါ်မှာရော ဘယ်လိုမှတ် ချက်ပေးလိုပါသလဲ။

ဦးသီဟစော။  ။ တိုင်းပြည်မှာရှိနေတဲ့ မီဒီယာပိုင်ဆိုင်တဲ့ စိန်ခေါ်မှု တွေ၊ တရားရေးဆိုင်ရာစိန်ခေါ်မှုတွေ၊ သတင်းသမားရဲ့ အရည် အသွေးဆိုင်ရာ စိန်ခေါ်မှုတွေ စောစောကပြောခဲ့သလိုပေါ့။ အဲဒီ အမှုမှာ အဲဒီ သုံးချက်စလုံးကို တွေ့နေရ တယ်။ ဒါပေမဲ့ အခုနေမှာ ကြည့်မယ်ဆိုရင်တော့ မီဒီယာလွတ်လပ်ခွင့်ကလည်း နှစ်နှစ်သား ပဲရှိသေးတယ်။ ဘာမှ လွတ်လပ်သေးတာ မဟုတ်ဘူး။ လွတ်လပ် ခွင့်ကို ပြည့်ပြည့်၀၀ မသုံးနိုင်သေးဘူး။ နှစ်နှစ်သားလေးကို သုံး နှစ်သားလေးက အနိုင်ကျင့်တဲ့ပုံစံမျိုးတွေ မဖြစ်သင့်ဘူး။ အခုပုံစံ က သုံးနှစ်သားက နှစ်နှစ်သားကို ဆုံးမတယ်ပေါ့နော်။ အကြီး ကောင်က အငယ်ကောင်ကို ဆုံးမတဲ့နေရာမှာ နားပန်ကျင်းရင် ကျင်းမယ်၊ ထိပ်ပုတ်ရင် ပုတ်မယ်၊ အဲဒီလိုမဟုတ်ဘဲနဲ့ ဓားနဲ့ခုတ် မယ်ဆိုရင်တော့ တော်ရော်တဲ့ ဆုံးမှုမျိုးမဟုတ်တော့ဘူး။ အခုပုံစံ မှာက အဲဒီလိုမျိုးတွေ တွေ့ရတယ်။

ခုနပြောတဲ့ စိန်ခေါ်မှုသုံးခုစလုံးရဲ့ အနေအထားကို မြင်နေ ရတယ်။ အဲဒီလိုပဲ ငယ်ရွယ်သေးတဲ့ ရင့်ကျက်မှုမရှိသေးတဲ့ မီဒီ ယာနဲ့ နည်းနည်းလေးပဲ ပိုပြီးတော့ ရင့်ကျက်တဲ့အစိုးရ၊ အစိုးရ ကလည်း ရင့်ကျက်မှုအများကြီးလိုသေးတာပဲ။ သူတို့မဏ္ဍိုင် သုံး ခုစလုံးက  Independent ဖြစ်ပြီလား၊ မဏ္ဍိုင်သုံးခုစလုံးက အရည်အသွေးပြည့်ပြီလား။ သူတို့ကလည်း တည်ဆောက်တုန်းပဲ ရှိသေးတယ်။  အစိုးရဘက်က မဏ္ဍိုင်သုံးခုရဲ့ စိန်ခေါ်မှုတွေနဲ့ မီဒီယာမဏ္ဍိုင်ရဲ့ စိန်ခေါ်မှုတွေ အားလုံးကို ဒီအမှုမှာ မြင်လိုက်ရတယ်။

မော်ကွန်း။  ။ ခုနကပြောသလို သတင်းသမားတွေဘက်ကလည်း ပြင်ဆင်ထားရမှာတွေ အများကြီးရှိနေသေးတယ်။ ဒါကြောင့် နောက်ထက် မီဒီယာလောကကို အခြေချမယ့်သူတွေကို ဘာတွေ များ ပြင်ဆင်ထားဖို့ အကြံပြုလိုပါသလဲ။

ဦးသီဟစော။  ။ အခုလက်ရှိအနေအထားမှာက သတင်းစာက ဆယ်စောင်ဝန်းကျင်ရှိနေတယ်။ မဂ္ဂဇင်းတို့၊ ဂျာနယ်တို့ ပုံနှိပ် ထုတ်ဝေတာက ၄၀၀ နီးပါးလောက်ရှိတယ်။ အခု ရုပ်သံတွေက လည်း စနေပြီ။ ရုပ်သံတွေက အရင်ကတော့ အစိုးရပဲ ရှိတယ်။ အခုက ပုဂ္ဂလိကတို့၊ အစိုးရနဲ့ ပုဂ္ဂလိကဖက်စပ်တို့ ရှိလာပြီ။ ရုပ်သံ မှာရော၊ ပုံနှိပ်မှာရော တကယ်ဆိုရင် တက်လာပြီ။ လုပ်ငန်း ပမာဏကို ပြောတာပါ။

ဒီသတင်းသမားတွေကလည်း ခုနလိုမျိုး အများကြီးရှိတဲ့ အခါမှာ အခုရိုးရိုးဆယ်တန်းအောင်တို့၊ ဘွဲ့ရတို့ခေါ်ပြီးတော့ အလုပ်ထဲရောက်မှ သင်ပေးပေါ့။ ဒီလိုလုပ်၊ အင်တာဗျူးကို ဒီလို သွားမေး On Jod နဲ့ပဲ ဆွဲပြီး ခေါ်သွားတာပေါ့။ On Jod Training ကလည်း အရေးကြီးတယ်။ အဲဒီလိုပဲFormal Training တွေပေါ့နော်။ အစိုးရတက္ကသိုလ်က ထွက်တဲ့ ဘွဲ့ရတို့၊MJI ဆိုပြီး လုပ်နေတဲ့ ဒီပလိုမာတို့ တခြားသင်တန်းတွေကလည်း လိုနေ တုန်းပဲ။ အခုသင်တယ်ဆိုတာ ရန်ကုန်၊ မ္တလေးလောက်ပဲ သင် ကြတယ်။ နောက်နယ်တွေ သွားသင်တာတွေလည်း ရှိပါသေး တယ်။ ဒါပေမဲ့ လိုနေတုန်းပဲ။ နည်းသေးတယ်။ အရည်အသွေး ပြည့်ဝဖို့၊ ဝိုင်းလုပ်ကြဖို့ တော်တော်လိုဦးမယ်။

မော်ကွန်း။  ။ ဘာများဖြည့်စွက်ပြီး ပြောချင်တာရှိပါသေးလဲ။

ဦးသီဟစော။  ။ အခုက နိုင်ငံကလည်း ပြောင်းခါစပဲရှိသေးတယ်။ မီဒီယာလည်း ပြောင်းခါစပဲရှိသေးတယ်။ အဲဒီအချိန်မှာတော့ တတ်နိုင်သလောက် အနေအထားမှန်လေးသိပြီးတော့ စိတ်ရှည် ဖို့လိုမယ်ထင်တယ်။ မီဒီယာရော၊ အစိုးရရော စိတ်ရှည်ဖို့လိုတယ်။ အစိုးရကလည်း မင်းတို့မီဒီယာတွေက မပြည့်ဝသေးဘူး၊ လိုသေး တယ်လို့ ပြောမယ်ဆိုရင် မီဒီယာတွေကလည်း အစိုးရလိုသေး တာကို ပြန်ပြောမှာပဲ။ နှစ်ဖက်စလုံးက ကိုယ့်အားနည်းချက်၊ အားသာချက်သိအောင်လုပ်မယ်ဆိုရင် ခုနကလို ပွတ်တိုက်မှုတွေ နည်းသွားမယ်။ နားလည်မှုများများရှိရင် ပွတ်တိုက်မှုတွေ နည်း သွားမယ်။ ပွတ်တိုက်မှုက နည်းတာပဲရှိမယ်။ မရှိဘဲနဲ့တော့ မနေ ဘူး။ မီဒီယာဆိုတာ အမြဲတမ်းအစိုးရမဏ္ဍိုင်သုံးခုကို စောင့်ကြည့် ပြီး ဟောင်မယ့်သူတွေဆိုတော့ အဲဒီအတွက် ဟောင်သံတွေက တော့ ကြားနေရမှာပဲ။ ငါတို့ဘက်ကတော့ ဝင်လာတာက ဘုန်း ကြီးလား၊ သူခိုးလား၊ သူခိုးဆိုရင်တော့ ဟောင်ရမယ်။ ငါတို့ဘက် ကလည်း ဟောင်သင့်၊ မဟောင်သင့်ကို ကြည့်ရမယ်။ အစိုးရဘက် ကလည်း မီဒီယာဆိုတာကတော့ ဟောင်မှာပဲဆိုတာကို သိဖို့လို မယ်။ ဒီလိုအပြန်အလှန်နားလည်မှုရှိရင်တော့ တိုင်းပြည်က ကောင်းလာမှာပါ။

[:en]မော်ကွန်း။  ။ ဦးသိန်းစိန် အစိုးရတက်လာပြီး အခု သုံးနှစ်ကျော် လေးနှစ်အတွင်းမှာ မီဒီယာလောကအနေနဲ့ ဘာတွေများ တိုး တက်လာပြီး ဘာတွေများဆုတ်ယုတ်သွားပါသလဲ။

ဦးသီဟစော။  ။ အခုက နိုင်ငံကလည်း ပြောင်းခါစပဲရှိသေးတယ်။ မီဒီယာလည်း ပြောင်းခါစပဲရှိသေးတယ်။ အဲဒီအချိန်မှာတော့ တတ်နိုင်သလောက် အနေအထားမှန်လေးသိပြီးတော့ စိတ်ရှည် ဖို့လိုမယ်ထင်တယ်။ မီဒီယာရော၊ အစိုးရရော စိတ်ရှည်ဖို့လိုတယ်။ အစိုးရကလည်း မင်းတို့မီဒီယာတွေက မပြည့်ဝသေးဘူး၊ လိုသေး တယ်လို့ ပြောမယ်ဆိုရင် မီဒီယာတွေကလည်း အစိုးရလိုသေး တာကို ပြန်ပြောမှာပဲ။ နှစ်ဖက်စလုံးက ကိုယ့်အားနည်းချက်၊ အားသာချက်သိအောင်လုပ်မယ်ဆိုရင် ခုနကလို ပွတ်တိုက်မှုတွေ နည်းသွားမယ်။ နားလည်မှုများများရှိရင် ပွတ်တိုက်မှုတွေ နည်း သွားမယ်။ ပွတ်တိုက်မှုက နည်းတာပဲရှိမယ်။ မရှိဘဲနဲ့တော့ မနေ ဘူး။ မီဒီယာဆိုတာ အမြဲတမ်းအစိုးရမဏ္ဍိုင်သုံးခုကို စောင့်ကြည့် ပြီး ဟောင်မယ့်သူတွေဆိုတော့ အဲဒီအတွက် ဟောင်သံတွေက တော့ ကြားနေရမှာပဲ။ ငါတို့ဘက်ကတော့ ဝင်လာတာက ဘုန်း ကြီးလား၊ သူခိုးလား၊ သူခိုးဆိုရင်တော့ ဟောင်ရမယ်။ ငါတို့ဘက် ကလည်း ဟောင်သင့်၊ မဟောင်သင့်ကို ကြည့်ရမယ်။ အစိုးရဘက် ကလည်း မီဒီယာဆိုတာကတော့ ဟောင်မှာပဲဆိုတာကို သိဖို့လို မယ်။ ဒီလိုအပြန်အလှန်နားလည်မှုရှိရင်တော့ တိုင်းပြည်က ကောင်းလာမှာပါ။—

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."