ရန်ကုန် – ၂၀၂၃ ဇွန် ၂၂ (မော်ကွန်း)
ပြည်တွင်းမှာ နိုင်ငံခြားငွေလွှဲ၊ ပို့မှုတွေပြုလုပ်နေတဲ့ နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့တဲ့စာရင်းထဲ ထည့်သွင်းလိုက်ပြီးနောက်မှာ ဒေါ်လာဈေးတွေဟာ မြင့်တက်သွားတယ်လို့ ငွေကြေးဈေးကွက်အတွင်းက သိရပါတယ်။
ဗဟိုဘဏ်လက်အောက်က နိုင်ငံပိုင်ဘဏ်နှစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ( MFTB ) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် ( MICB ) တို့ကို အမေရိကန်အစိုးရက မနေ့က ဇွန် ၂၁ ရက်မှာ အရေးယူပိတ်ဆို့တဲ့ စာရင်းထဲ တရားဝင်ထည့်သွင်းလိုက်ပါတယ်။
အဆိုပါဘဏ်တွေကို အရေးယူပိတ်ဆို့လိုက်တဲ့နေ့မှာပဲ တစ်ဒေါ်လာကို ၂,၉၀၀ ကျပ် ကျော်ဝန်းကျင်ရှိနေရာက ၃,၀၀၀ ကျပ် ကျော်ထိ မြင့်တက်သွားခဲ့တာလို့ ဈေးကွက်အတွင်းက သိရပါတယ်။
“မနေ့ကစပြီးတက်သွားတာ၊ ဒီနေ့ကတော့ ညနေပိုင်းအထိကို ဈေးမဖွင့်သေးဘူး၊ မနေ့က ၃,၀၃၀ ဈေးနဲ့ပဲ ဒီနေ့ အရောင်းအဝယ်ဆက်လုပ်ကြတယ်” လို့ ငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောပါတယ်။
အမေရိကန်အစိုးရက အရေးယူပိတ်ဆို့တဲ့စာရင်းထဲ ထည့်သွင်းခဲ့တဲ့ MFTB နဲ့ MICB ဘဏ်နှစ်ခုမှာ နိုင်ငံခြားငွေနဲ့ ကုန်သွယ်မှုလုပ်နေတဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းအများစုဟာ ဘဏ်စာရင်းဖွင့်ထားတာဖြစ်တဲ့အတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေကလည်း စိုးရိမ်မှုတွေရှိနေပါတယ်။
အခုလို ပိတ်ဆို့လိုက်တဲ့အတွက် ဒေါ်လာပိုမိုရှားလာဖွယ်ရှိပြီး ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေကို သက်ရောက်မှုရှိလာနိုင်တယ်လို့ ရေထွက်ပို့ကုန်တင်ပို့သူတစ်ဦးက သုံးသပ်ပါတယ်။
“ဒေါ်လာကတော့ အရင်တည်းက အကန့်အသတ်နဲ့ရှားနေတာဆိုတော့ ပိုရှားလာမယ့်အနေအထားဖြစ်သွားတယ်၊ ဒေါ်လာနဲ့တင်သွင်းတာ၊ တင်ပို့တာတွေမှာ လုပ်ရကိုင်ရခက်လာမှာပေါ့” လို့ သူကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ဗဟိုဘဏ်ဟာ ပြည်တွင်းငွေလဲလှယ်နှုန်း ရည်ညွှန်းစျေး တစ်ဒေါ်လာကို ၂,၁၀၀ ကျပ်နဲ့ တွက်ချက်ထားပြီး ပြင်ပပေါက်ဈေးနဲ့ တစ်ဒေါ်လာကို ကျပ်တစ်ထောင်ဝန်းကျင်ထိ ကွာဟနေတာလည်းဖြစ်ပါတယ်။
Photo – Mawkun
#Dailynews

