ရန်ကုန် – ၂၀၂၃ ဇွန် ၁၉ (မော်ကွန်း)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့ကျရောက်တဲ့ ၇၈ နှစ်မြောက်မွေးနေ့မှာ နိုင်ငံတစ်ဝန်း ပန်းသပိတ်ဆင်နွှဲဖို့ တော်လှန်ရေးအင်အားစုတွေက လူထုကိုလှုံ့ဆော်ခဲ့ပြီးနောက် ရန်ကုန်မြို့ကဈေးတချို့မှာ နှင်းဆီပန်းတွေ ရောင်းမလောက်အောင်ပြတ်လတ်တဲ့အထိ ရောင်းချရတယ်လို့ ဈေးသည်တွေကပြောပါတယ်။
” ပန်းတွေကကုန်နေပြီ။ ညကတည်းက အော်ဒါတွေ ထပ်မှာနေရတာ။ နှင်းဆီပန်းတွေက ပိုရောင်းရတယ်။ တစ်ပွင့်ကစ အများကြီးအထိ ဝယ်ကြတယ်” လို့ ဗဟန်းမြို့နယ်ထဲကပန်းသည်တစ်ဦးက ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးထဲက ပန်းသည်တချို့ကလည်း ဒီနေ့မှာ တခြားပန်းတွေထက် နှင်းဆီပန်းအနီနဲ့အဖြူရောင်တွေ ပိုရောင်းရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ပန်းဈေးတွေလည်း အနည်းငယ်မြင့်တက်လာတယ်လို့ ဒီနေ့ပန်းသပိတ်မှာ ပါဝင်သူတွေကလည်း ဆိုပါတယ်။
“နှင်းဆီအနီတွေပိုဈေးတက်တာ။ သူတို့(ဈေးသည်)လည်း ဒီနေ့ နှင်းဆီပန်းမှာရတာခက်တယ်ပြောတယ်။ ဒါပေမယ့် အမေ့မွေးနေ့မို့ ဒီနေ့ဝယ်ရခက်တော့ ဈေးတက်တာနားလည်တယ်။ ဒါပေမဲ့ဝယ်ခဲ့လိုက်တယ်” လို့ တာမွေမြို့နယ်က ပန်းသပိတ်မှာပါဝင်သူတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့ရဲ့မြို့နယ်တချို့ကဈေးတွေကို လိုက်လံကြည့်ရှု့ရာမှာလည်း ဒီမနက်အစောပိုင်းကတည်းက ပန်းဆိုင်တွေမှာ နှင်းဆီပန်းဝယ်ယူသူ ပိုများတာကို တွေ့ရပါတယ်။
ပန်းသပိတ်မှာပါဝင်ကြသူတွေ၊ ပန်းပန်ပြီး လူမှုကွန်ယက်မှာပုံတင်ကြသူတွေကို ဖမ်းဆီးအရေးယူဖို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ လှုံ့ဆော်ထားတာတွေ့ပေမယ့် ပန်းသပိတ်မှာ နိုင်သလောက်ပါဝင်မှာဖြစ်တယ်လို့ ပုဇွန်တောင် မြို့နယ်မှာ နေထိုင်သူတစ်ဦးကလည်း အခုလိုပြောပါတယ်။
” အမေ့မွေးနေ့မို့ အိမ်မှာနှင်းဆီပန်းထိုးထားတယ်။ ခေါင်းမှာပန်ရင် ခွေးဆွဲမှာစိုးလို့ အိမ်ကပန်းအိုးမှာထိုးထားတာ။ ကိုယ်တက်နိုင်တဲ့ဘက်က ပါဝင်တဲ့သဘောပါ” လို့ ဆိုပါတယ်။
ဒီနေ့ကျရောက်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့မှာ “ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ” ဆိုတဲ့ ပန်းသပိတ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပါဝင်ကြရန် တော်လှန်ရေးသပိတ်ခေါင်းဆောင်တွေက လူမှုကွန်ရက်ပေါ်ကနေ တိုက်တွန်းထားကြပါတယ်။
၂၀၂၁ ဖေဖော်ဝါရီမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အဲဒီတုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးခဲ့ပြီး ပုဒ်မပေါင်းများစွာနဲ့စွပ်စွဲကာ လက်ရှိမှာ ထောင်ဒဏ် ၃၃ နှစ်ချထားပါတယ်။
ပုံစာ-အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်အဖြစ် ရန်ကုန်မြို့၊ တာမွေမြို့နယ်ထဲကနေအိမ်တစ်ခုမှာ နှင်းဆီပန်းအိုးထိုးထားပါတယ်။
ဓာတ်ပုံ-မော်ကွန်း
#Dailynews

