ရန်ကုန်- ၂၀၂၃ ဇွန် ၁၆ (မော်ကွန်း)
ရွှေဈေးနှုန်းကျဆင်းရေးအတွက် စစ်ကောင်စီက ဖိအားပေးမှုတွေ ပြုလုပ်လာတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းဆီက သိရပါတယ်။
ယခုရက်ပိုင်းမှာ ပြည်တွင်းရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ် ၃၁ သိန်းကျော်ထိ မြင့်တက်သွားပြီးနောက်မှာ ရန်ကုန်နဲ့မန္တလေးမြို့က ရွှေလုပ်ငန်းရှင်တွေကို စစ်ကောင်စီကဖွဲ့ထားတဲ့ ရွှေနဲ့ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီက ခေါ်ယူမေးမြန်းမှုတွေရှိခဲ့တယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ဖမ်းဆီးတာတော့ မဟုတ်ဘူး၊ ရွှေဈေးကွက်စောင့်ကြည့်ရေးကော်မတီက ခေါ်တွေ့တယ်၊ မေးမြန်းတာတွေရှိတယ်၊ ဘာလို့ဈေးတက်နေလဲပေါ့၊ ပြီးတော့ ဈေးပြန်ကျအောင်လုပ်ဖို့ ဖိအားပေးတဲ့သဘောရှိတယ်” လို့ သူကပြောပါတယ်။
အဲဒီလို ဖိအားပေးလုပ်ဆောင်ခဲ့ပြီးနောက်မှာ မန္တလေးမြို့ ရွှေလုပ်ငန်းရှင်များအသင်းက ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၃၀ ကျော်နဲ့ ရောင်းချပေးသွားမယ်လို့ ဒီနေ့လယ်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီနေ့ကစပြီး မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံးမှာ မီးလင်းအခေါက်ရွှေတုံးတွေကို တစ်ကျပ်သားကို ၃,၀၅၀,၀၀၀ (သိန်းသုံးဆယ်ငါးသောင်း) နှုန်းနဲ့ စတင်ရောင်းပေးမှာဖြစ်ပြီး အသင်းသားတွေကလွဲပြီး မည်သူမဆို လွတ်လပ်စွာလာရောက်ဝယ်ယူနိုင်တယ်လို့ မန္တလေးတိုင်းရွှေလုပ်ငန်းရှင်အသင်းကကြေညာထားတာပါ။
လာရောက်ဝယ်ယူသူတွေဟာ မှတ်ပုံတင်၊ သန်းခေါင်စာရင်းတို့နဲ့ လာရောက်ဝယ်ယူရမှာဖြစ်တယ်လို့ အသင်းက သတင်းထုတ်ပြန်ထားပါတယ်။
ရွှေလုပ်ငန်းရှင်အသင်းက အခုလိုရွှေရောင်းချပေးတာဟာ ဈေးနှုန်းကို ကာလတိုပဲထိန်းသိမ်းနိုင်တဲ့ အခြေအနေသာဖြစ်နိုင်ပြီး ရွှေဈေးနှုန်း သိသိသာသာကျဆင်းလာဖွယ်မရှိဘူးလို့ ရွှေဈေးကွက်လေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
“အဲ့ဒီလို သူတို့ထုတ်ရောင်းတာက ဈေးကွက်ပေါက်ဈေးနဲ့က ဈေးကလည်းအရမ်းမကွာဘူးလေ၊ ကာလတစ်ခုလောက်ပဲ ထိန်းထားနိုင်မှာပေါ့၊ ဈေးကျသွားအောင်တော့မဖြစ်နိုင်ဘူး။ အခုက ဈေးကွက်မှာ ၃၁ သိန်းကျော်နေပြီ ဆက်တက်ဖို့လည်းအလားအလာတွေရှိနေတယ်၊ သူတို့အတင်းအကြပ်တွေလုပ်ရင်လည်း ဈေးကွက်ပျက်သွားမှာပေါ့” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ တစ်ကျပ်သားကို ကျပ်သိန်း ၃၀ ဝန်းကျင်ရှိနေတဲ့ ရွှေဈေးနှုန်းဟာ ယခုလ ဇွန်လ ဒုတိယအပတ်အတွင်း တစ်ကျပ်သားကို ကျပ် ၃၁ သိန်းကျော်ထိ ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ပုံစာ – ရန်ကုန်မြို့ရွှေဆိုင်တစ်ဆိုင်တွင် ရွှေဝယ်နေကြသူများ
Photo – Supplied
#Dailynews

