ရန်ကုန်- ၂၀၂၃ ဇွန် ၁၅ (မော်ကွန်း)
ဒီလအတွင်း ပြည်တွင်းရွှေဈေးဟာ ဆက်တိုက်မြင့်တက်လာနေပြီး အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၁ သိန်းကျော်အထိ ရှိလာတယ်လို့ ရန်ကုန်ရွှေဈေးကွက်အတွင်းက သိရပါတယ်။
ပြီးခဲ့တဲ့မေလကုန်ပိုင်းအထိ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၃၀ ကျော်ဝန်းကျင်မှာရှိနေရာက ဇွန်ဒုတိယအပတ်က စပြီး ၃၁ သိန်းကျော်ကို မြင့်တက်သွားခဲ့တယ်လို့ ရွှေအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“ဆက်တိုက်ပြန်တက်လာတယ်။ နေ့တိုင်းလိုထောင်ဂဏန်း၊သောင်းဂဏန်းတက်နေတာ၊ ၃၅ သိန်း အထိတက်မယ်ဆိုပြီး ကောလာဟလလိုလို၊ စသလိုနောက်သလိုပြောကြတာ၊ အခုကအဲဒီလောက်ထိ တကယ်တက်လာနိုင်ချေရှိနေတယ်” လို့ သူကပြောပါတယ်။
ပြင်ပဈေးကွက်မှာ ရွှေဈေးနှုန်းဟာ ကျပ် ၃၁ သိန်းကျော်သွားပြီဖြစ်ပေမယ့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားတဲ့ ဈေးနှုန်းကတော့ တစ်ကျပ်သားကို ကျပ် ၂၂ သိန်းကျော်လို့ တွက်ချက်ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းဟာ စစ်ကောင်စီဗဟိုဘဏ်ရဲ့ သတ်မှတ်ရည်ညွှန်းငွေလဲလှယ်နှုန်းဖြစ်တဲ့ တစ်ဒေါ်လာကို ၂,၁၀၀ ကျပ်နဲ့တွက်ချက်ထားတာဖြစ်ပြီး ဒေါ်လာဈေးဟာပြင်ပဈေးကွက်မှာ တစ်ဒေါ်လာကို ၂,၉၀၀ ကျပ် အပေါ်မှာ ရှိနေတာပါ။
ရန်ကုန်မြို့က ရွှေဈေးကွက်လေ့လာစောင့်ကြည့်သူတစ်ဦးကလည်း ပြည်တွင်းရွှေဈေးမြင့်တက်မှုနှုန်းဟာ မြန်ဆန်နေပြီး ဒေါ်လာဈေးကြောင့် အခုလိုမြင့်တက်နေတာလို့ သုံးသပ်ပါတယ်။
” အခုအပတ် တနင်္လာနေ့က သိန်း ၃၀ ကျော်မှာပဲရှိသေးတယ်။ အဲဒီကနေ ဆက်တိုက်တက်လာတာ ဒီနေ့ ကြာသပတေးနေ့မှာ ၃၁ သိန်း ၃ သောင်းကျော်ကို တက်သွားတာ။ နေ့တိုင်းတရိပ်ရိပ်တက်နေတာ။ Rate က အရမ်းမြန်လွန်းနေတယ်။ ပြည်တွင်းဒေါ်လာဈေးကြောင့်လို့ သုံးသပ်ကြတာပေါ့ ” လို့ ရွှေဈေးကွက် လေ့လာသူက ပြောပါတယ်။
ပုံစာ – ရန်ကုန်တိုင်းရွှေအသင်းက ပြုလုပ်တဲ့ ပြပွဲမှာ ခင်းကျင်းထားတဲ့ လက်ဝတ်ရတနာများ
ဓာတ်ပုံ – YGEA
#Dailynews

