ရန်ကုန် – ၂၀၂၃ ဇွန် ၁၄ (မော်ကွန်း)
ဒီလကုန်မှာ အိန္ဒိယနဲ့မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံပြည်တွင်းသုံးငွေကြေးအသုံးပြုကာ တိုက်ရိုက်ကုန်သွယ်နိုင်ရေး စတင်နိုင်တော့မယ်လို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ယခုရက်ပိုင်းမှာ အိန္ဒိယနိုင်ငံကိုသွားရောက်ခဲ့ပြီး အိန္ဒိယကုန်သွယ်ရေးမူဝါဒရေးရာကော်မတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလိုထုတ်ပြန်လာတာပါ။
ကုန်သွယ်မှုမှာ တိုက်ရိုက်ငွေကြေးဖလှယ်နိုင်ဖို့အတွက် ပန်ဂျပ်အမျိုးသားဘဏ် (Punjab National Bank – PNB) ကို အိန္ဒိယနိုင်ငံဘက်ကခန့်အပ်ထားပြီး PNB ဘဏ်ဟာ မြန်မာနိုင်ငံက CB၊ UAB ဘဏ်တို့နဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါအပြင် စီစဉ်ထားတဲ့အတိုင်းဆောင်ရွက်နိုင်ပါက အိန္ဒိယနဲ့မြန်မာကုန်သွယ်ရေး နှစ်ဆမြင့်တက်လာဖွယ်ရှိတယ်လို့လည်း စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောပါတယ်။
အိန္ဒိယဘက်ကို ပဲမျိုးစုံတင်ပို့နေတဲ့ကုန်သည်တစ်ဦးကတော့ ဘဏ်တွေရဲ့ငွေလဲလှယ်မှုနှုန်းထားတွေဟာ အပြင်ပေါက်ဈေးနဲ့ မကွာဟဖို့လိုအပ်တယ်လို့ ပြောပါတယ်။
“ နယ်စပ်မှာတော့ အရင်တည်းက အသေးစားကုန်သွယ်မှုတွေက ဒီလိုပဲဟွန်ဒီတွေနဲ့ ငွေလဲပြီးလုပ်နေတာပေါ့။ အခုက ဘဏ်တွေကနေပါ တိုက်ရိုက်ပေးချေနိုင်အောင်လုပ်နေတာလို့ နားလည်ထားပါတယ်။ သူတို့ဘဏ်တွေရဲ့ ငွေလဲလှယ်မှု ပေါက်ဈေးနဲ့ အပြင်ပေါက်ဈေးကမကွာဖို့လိုတယ်။ အဲဒါမှကုန်သည်တွေက တင်ပို့မှာပေါ့။ မဟုတ်ရင် ငွေကြေးကွာဟမှုရှိနေရင် နစ်နာမှုတွေရှိနိုင်တယ်” လို့ အဆိုပါကုန်သည်က ပြောပါတယ်။
ဒါအပြင် အိန္ဒိယနိုင်ငံနဲ့မြန်မာအကြား တရားဝင်ကုန်သွယ်မှုအားလုံးနီးပါးရပ်တန့်နေပြီး ပြီးခဲ့တဲ့လပိုင်းက အိန္ဒိယပြည်တွင်းမှာဖြစ်ပွားနေတဲ့ လူမျိုးရေးပဋိပက္ခအခြေအနေတွေကြောင့် နယ်စပ်ဂိတ်တွေကိုလည်း ဆက်လက်ပိတ်ထားဆဲဖြစ်တယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။
” နယ်စပ်ကဘယ်တော့ပြန်ဖွင့်မယ် မသိရသေးဘူး။ မိုးရေးဘက်မှာ လူမျိုးရေးပဋိပက္ခဖြစ်လို့ လမ်းကြောင်းအကုန် ပိတ်ထားတယ်။ အကြီးစားကုန်တွေတင်ပို့တာ၊ တရားဝင်ကုန်သွယ်တာတွေတော့ မရှိသလောက်ပဲ။ အထည်အလိပ်၊ စားသောက်ကုန်တွေကို ဟိုဘက်ကအဝယ်တော်နဲ့ချိတ်ပြီး ကိုယ့်ဘာသာယူပြီး ပြန်ရောင်းတာလောက်ပဲ ရှိတယ်” လို့ အိန္ဒိယကုန်ပစ္စည်းတွေ တင်သွင်းရောင်းချသူတစ်ဦးကပြောပါတယ်။
အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ စစ်ကိုင်းတိုင်း၊ တမူးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော် ကုန်သွယ်မှုရှိနေတယ်လို့ ကုန်သွယ်မှုစာရင်းတွေအရသိရပြီး မြန်မာ့ထွက်ကုန်တွေဖြစ်တဲ့ ကွမ်းသီး၊ ကွမ်းရွက်၊ ပဲအမျိုးမျိုး၊ ကြက်သွန်၊ လယ်ယာထွက်ပစ္စည်းတွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ တင်ပို့မှုရှိတယ်လို့ ဖော်ပြပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီး ဒီမိုကရေစီဆိတ်သုဉ်းအောင်လုပ်ဆောင်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဒဏ်ခတ်တဲ့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဆောင်နေတာကြောင့် ဒေါ်လာအကြပ်အတည်းဆိုက်နေတဲ့ စစ်ကောင်စီဟာ အိန္ဒိယနဲ့မတိုင်ခင်ကတည်းက ထိုင်း၊ တရုတ် နိုင်ငံတို့နဲ့ တိုက်ရိုက်ငွေလဲကုန်ကူးတဲ့စနစ်ကို ကျင့်သုံးနေပါတယ်။ ဒါအပြင် သူ့ကိုထောက်ခံနေတဲ့ ဥရောပအရှေ့ခြမ်းက ရုရှားနိုင်ငံနဲ့လည်း အခုအိန္ဒိယနဲ့ ဆွေးနွေးသလိုပဲ တိုက်ရိုက်ငွေကြေးနဲ့ ကုန်သွယ်နိုင်အောင် စီစဉ်နေတာလည်းရှိပါတယ်။
ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံအိန္ဒိယဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ပြီး အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီထံကို စစ်လက်နက်ပစ္စည်း အမေရိကန်ဒေါ်လာ ၅၁ သန်းဖိုး တင်ပို့ထားတယ်လို့ မေလမှာထုတ်ပြန်တဲ့ ကုလသမဂ္ဂအစီရင်ခံစာမှာ ဖော်ပြပါတယ်။
ပုံစာ- မေလအစပိုင်းက နှစ်နိုင်ငံကုန်သွယ်မှု ချစ်ကြည်ရေးအရ မြန်မာနိုင်ငံ၊ စစ်တွေမြို့ကို ရောက်လာပြီး အိန္ဒိယနိုင်ငံသို့ မတ်ပဲ မက်ထရစ်တန် ၁,၀၀၀ ပြန်သယ်သွားမည့် အိန္ဒိယကုန်တင်သင်္ဘော ITT LION အား အိန္ဒိယသမ္မတနိုင်ငံ ဆိပ်ကမ်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီးနှင့် စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီးတို့ ကြိုဆိုနေပုံ။
ဓါတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး။
#Dailynews

