ကန့်ဘလူ – ၂၀၂၃ ဇွန် ၁၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်က စစ်ရှောင်တွေယာယီနေထိုင်တဲ့တဲတွေကို အာဏာသိမ်းစစ်တပ်က နှစ်ရက်ဆက်တိုက်မီးရှို့ခဲ့ပြီး စစ်ရှောင်တွေစားဝတ်နေရေးအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ကန့်ဘလူမြို့နယ်၊ချပ်သင်းတိုက်နယ်၊ ဇင်းကျေးရွာအနီးက စစ်ရှောင်တွေရဲ့တဲတွေကို ခမရ ၃၆၁နဲ့
ပျူစောထီးတွေ မနေ့ကမီးရှို့ခဲ့တာလို့ ဒေသခံကိုဇေယျာစိုးကပြောပါတယ်။
“အိမ်တွေရှို့လို့ထွက်ပြေးနေရတာ၊ စားစရာကစနေဖို့ကအတော်ကိုခက်ခက်ခဲခဲပါပဲ၊ မိုးတွင်းဆိုတော့ နေဖို့ကော စားနပ်ရိက္ခာတွေအတွက်ပါခက်ခဲတယ်၊ခုစစ်ရှောင်တဲတွေကိုပါလိုက်ရှို့နေတာ”လို့ ကိုဇေယျာစိုး ကပြောပါတယ်။
အခုလ ၁၁ ရက်ကလည်း ချပ်သင်းတိုက်နယ်၊ ပေကုန်းရွာကို အာဏာသိမ်းစစ်တပ်မီးရှို့တာကြောင့် နေအိမ် ၂၈လုံးနဲ့ စပါးတိုက် ၁၅တိုက် မီးလောင်ပျက်စီးခဲ့ပါတယ်။
အဲဒီနောက်မှာ စစ်ရှောင်တွေရဲ့ တဲတွေကို မနေ့ကထပ်ပြီးမီးရှို့ခဲ့တာပါ။
အာဏာသိမ်းစစ်တပ် မီးရှို့တာကြောင့် ချပ်သင်းတိုက်နယ်၊ ဇင်းကျေးရွာအနီးက စစ်ရှောင်တဲ ကိုးလုံး၊ ကျွဲတစ်ရှဥ်း ၊ ဝက်တစ်ကောင်နဲ့ ဆန်တင်း ၆၀ မီးလောင်ပျက်စီးခဲ့ပြီး စစ်ကြောင်းက မနေ့ညနေပိုင်းမှာ ကတ္တာကျေးရွာက နေအိမ်တစ်လုံးကိုလည်းမီးရှို့ခဲ့တယ် လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောပါတယ်။
ပုံစာ – ကန့်ဘလူနယ်အတွင်းက စစ်ရှောင်များ
ဓါတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
#Dailynews

