မုံရွာ – ၂၀၂၃ ဇွန် ၁၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ တစ်ဖက်ကမ်းမှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ညောင်ပင်ကြီးရဲစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ ယခုလ ၉ ရက်က စီးနင်းသိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက စခန်းပြန်ဆောက်ဖို့ အနီးနားကရွာတွေကို လေးရက်ဆက်တိုက်မီးရှို့ကာ နယ်မြေရှင်းလင်းရေးတွေလုပ်နေတယ်လို့ ညောင်ပင်ကြီးဒေသခံတွေကပြောပါတယ်။
“အဓိကတော့ သူတို့စခန်းနားနီးတဲ့ ပတ်ဝန်းကျင်ကို အတော်များများရှို့ထားတယ်။ စခန်းသစ်ပြန်တည်ဆောက်တဲ့နေရာမှာ သူတို့ရှင်းလင်းတဲ့အနေအထားပေါ့ဗျာ။ စခန်းပြန်တည်ဆောက်ဖို့ သူတို့ပြင်နေတာပေါ့။ အခုလည်းသဲတွေဘာတွေတိုက်တယ်၊ တဲတွေဘာတွေဆောက်တယ်။ ဘူဒိုဇာတွေခေါ်လာတာတွေရှိတယ်။ မုံရွာကနေ ကားတွေနဲ့ကူးလာတာ” လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ညောင်ပင်ကြီးရဲစခန်းကို ဇွန် ၉ ရက်က ဒေသခံကာကွယ်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်တွေက အဲဒီနေ့ညပိုင်းမှာ ညောင်ပင်ကြီးရွာကို စတင်မီးရှို့ခဲ့ပါတယ်။ ဒီနေ့အထိ လေးရက်ဆက်တိုက်မီးရှို့တာကြောင့် ကျေးရွာ ၁၀ ရွာဝန်းကျင်က ဒေသခံသုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူကဆက်ပြောပါတယ်။
“ ဒီဘက်က အုပ်စုကျေးရွာလေးတွေဆီရှောင်ပြီး ပြေးနေရတယ်။ ဘုန်းကြီးကျောင်းတွေမှာ ကပ်နေရတယ်။ အိမ်လေးတွေမှာ ကပ်နေရတဲ့ အနေအထားတော့ရှိတယ်ဗျ။ အခုလောင်နေတာက ကျေးရွာလေးရွာမှာ အိမ်ခြေခြောက်ဆယ်လောက်ပါသွားတာ” လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ကပြောပါတယ်။
လက်ရှိအချိန်ထိ ညောင်ပင်ကြီးရဲစခန်းနဲ့ အနီးနားနေရာတွေမှာ စစ်ကောင်စီတပ်တွေတပ်စွဲထားတာကြောင့် ကျေးရွာအားလုံးရဲ့ပျက်စီးဆုံးရှုံးမှုစာရင်းကို အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ ညောင်ပင်ကြီးကျေးရွာအုပ်စုကရွာတွေကို ဝင်စီးတဲ့လေးရက်အတွင်းဒီနေ့ထိ ရှစ်ကြိမ်မီးရှို့ခဲ့ပြီး ရိုက်နှက်ဖမ်းခံရတဲ့ဒေသခံနှစ်ဦးလည်း ဒီနေ့ပြန်လွတ်လာပြီလို့ သိရပါတယ်။
ညောင်ပင်ကြီးရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းခဲ့ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကပြောထားပါတယ်။
ပုံစာ- ဒီကနေ့ နေ့လယ်ပိုင်းမှာ မီးရှိ့ခံရတဲ့ ညောင်ပင်ကြီးရွာ
Photo – အညာပစ်တိုင်းထောင်လေးများ
#Dailynews

