မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်ပိတ်ပင်တာကြောင့် အကူအညီပေးရေးကြန့်ကြာ

မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်ပိတ်ပင်တာကြောင့် အကူအညီပေးရေးကြန့်ကြာ

ပုဏ္ဏားကျွန်း- ၂၀၂၃ ဇွန် ၁၂ (မော်ကွန်း)

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ကို ပြည်တွင်း၊ ပြည်ပ အကူအညီပေးရေးအဖွဲ့တွေသွားလာခွင့် ပိတ်ပင်လိုက်တာကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ရွာလုံးကျွတ်နီးပါး ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ရွာတွေတွေကို အကူအညီပေးရေးကြန့်ကြာမှုတွေရှိနေတယ်လို့ ပုဏ္ဏားကျွန်းအခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအသင်းထံကသိရပါတယ်။

“အဲဒီရွာတွေကိုအကူအညီပေးဖို့ ကျွန်တော်တို့က မြန်မာနိုင်ငံကြက်ခြေနီအသင်းကိုအကူအညီတောင်းထားတာ။ ဒါပေမယ့် စစ်ကောင်စီကပြန်ပြီးတော့ပိတ်လိုက်တယ်။ ပေးမသွားဘူး။ အဲလိုလုပ်ပြီးတော့မှအခုပြန်ဖွင့်ပေးတယ်။ ပြီးတော့အဲ့ရွာတွေကို ကုန်းလမ်းကောရေလမ်းကနေပါသွားရတာ။ ဖုန်းလိုင်းကလည်းမမိဘူး။ အချိန်တွေ ကြန့်ကြာကုန်တာပေါ့။” လို့ ပုဏ္ဏားကျွန်းအခြေစိုက်လူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူ က ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့ရဲ့ မြောက်ဘက်ခြမ်းမှာရှိတဲ့ အောင်မကျော်ရွာနဲ့ဥယျာဉ်သာဆိုတဲ့ရွာတွေမှာ သောက်သုံးရေမသန့် တာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ တစ်ရွာလုံးဖြစ်နေတာလို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေထံမှ သိရပါတယ်။ အဲဒီရွာတွေမှာ မြို၊ခမီ စတဲ့လူနည်းစု တိုင်းရင်းသားတွေနေထိုင်ကြပြီး သွားလာရေးလည်းခက်ခဲတဲ့နေရာတွေလို့ဆိုပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန် ၇ ရက်က ရခိုင်ပြည်နယ်အတွင်းခရီးသွားလာခွင့်ရပ်ဆိုင်းကြောင်း စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးကကြေညာခဲ့တာပါ။ ဒီလိုရပ်ဆိုင်းပြီးနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အပါအဝင် NGO အဖွဲ့အစည်းရှစ်ဖွဲ့ကို ယခင်ခွင့်ပြုထားတဲ့အတိုင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပြန်လုပ်နိုင်တယ်ဆိုပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးက ယမန်နေ့ကထုတ်ပြန်ပါတယ်။

ဒါပေမယ့်လည်း မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂအဖွဲ့အစည်းတွေအပါအဝင် ပြည်တွင်း/ပြည်ပ အရပ်ဖက်ကူညီရေးအဖွဲ့တွေရဲ့သွားလာခွင့်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီကခွင့်ပြုပေးနေတာပါ။

ပြီးခဲ့တဲ့ မေ ၁၄ ရက်က ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် ကွမ်းအများဆုံးစိုက်ကြတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ကွမ်းခင်းတွေအားလုံးနီးပါးပျက်စီးခဲ့သလို ဒေသခံတွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးတကြီးလိုအပ်နေတယ်လို့ လူမှုကူညီရေးအသင်းတွေထံ မှ သိရပါတယ်။

ပုံစာ- ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မိုခါမုန်တိုင်းကြောင့် အပျက်အစီး၊ အမှိုက်သရိုက်တွေကိုရှင်းလင်းနေသည့်မြင်ကွင်း
Photo – UNDP Myanmar


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."