နတ်တလင်း – ၂၀၂၃ ဇွန် ၁၁ (မော်ကွန်း)
ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမ PDF ကင်းစခန်းတစ်ခု ပြီးခဲ့တဲ့ ဇွန် ၈ ရက်က အာဏာသိမ်းစစ်တပ်ရဲ့ စီးနင်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး ရဲဘော်သုံးဦးကျဆုံးသွားကြောင်း MRF-Nattalin ကသတင်းထုတ်ပြန်ပါတယ်။
“နံနက် မိုးမလင်းခင် အင်အား ၅၀ ကျော်လောက်နဲ့ ရှေ့ကာကင်းကို ဝိုင်းပစ်ပြီး စီးနင်းခံရတာပါ”လို့ တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ပြန်လည်ခုခံပစ်ခတ်ပေမယ့် အင်အားမမျှတာကြောင့် ရဲဘော်ကင်း၊ ရဲဘော်ဝဿန်နဲ့ ရဲဘော်လိုင်းယွင်းတို့ နေရာမှာပဲ ကျဆုံးခဲ့ရပြီး ရဲဘော်နှစ်ဦးတော့ လွတ်မြောက်လာခဲ့တယ်လို့ သူကပြောပါတယ်။
“အလောင်းတွေကတော့ မြင်ရက်စရာမရှိဘူး တော်တော်လုပ်ပစ်ခဲ့ကြတယ်”လို့ သူပြောပါတယ်။
MRF-Nattalin ဟာ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ ရဲ့ တပ်ခွဲ-၄ ဖြစ်ပါတယ်။
“ရန်သူသတင်းကို ကြိုရပေမယ့် အဲဒီကျသွားတဲ့ကင်းတစ်ခုပဲ အဆက်အသွယ်မရခဲ့ဘူး၊ စကားပြောစက်လည်းမရှိတော့ ဖုန်းနဲ့ပြောကြရတာများတယ်၊ အဲဒီတုန်းက ဆက်သွယ်လို့မရခဲ့ဘူး”လို့ တပ်ဖွဲ့တာဝန်ရှိသူကဆိုပါတယ်။
စီးနင်းခံရတဲ့ စခန်းဟာ ပဲခူးရိုးမအစပ်က ဗိုလ်ကြီးစခန်းနဲ့ သဖန်းချောင်းရွာအကြားက ရှေ့တန်းကာကင်းတစ်ခုပါ။
စခန်းစီးနင်းခံရစဉ်မှာ လက်နက်တွေပါသွားလို့ ပြန်ဝယ်ဖို့မဖြစ်နိုင်သေးဘဲ NUG ဆီကလည်း သေသေချာချာထောက်ပံ့တာမျိုးတွေ မရှိသေးဘူးလို့ တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းကလည်း နတ်တလင်းမြို့နယ် PDF တွေဟာ ရိုးမအစပ်က ကြက်မနက်ကျေးရွာမှာ အထိုင်ချနေတဲ့ အာဏာသိမ်းစစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး Phoenix-DF တပ်ဖွဲ့က ညီအစ်ကိုအရင်း ရဲဘော်နှစ်ဦးကျဆုံးခဲ့ရပါသေးတယ်။
ပုံစာ – MRF-Nattalin ကထုတ်ပြန်ထားသည့် ပြန်တမ်း
ဓါတ်ပုံ – MRF-Nattalin
#Dailynews

