ရန်ကုန်- ၂၀၂၃၊ ဇွန် ၉ (မော်ကွန်း)
၁၀ တန်း ( တက္ကသိုလ်ဝင်တန်း) အောင်စာရင်းတွေကို တစ်နိုင်ငံလုံးကစာစစ်ဌာနတွေအပြင် အွန်လိုင်းတွေ၊ ရေဒီယိုတွေကပါ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းတွေ မြင့်တက်လာတယ်လို့လည်း လေ့လာသူတွေကပြောကြပါတယ်။
အောင်စာရင်းတွေကို မြို့နယ်အသီးသီးက စာစစ်ဌာနကျောင်းတွေမှာ ကိုယ်တိုင်သွားရောက် ကြည့်ရှုနိုင်သလို အွန်လိုင်းဝက်ဘ်ဆိုက် www.myanmarexam.org ကနေလည်း တစ်နိုင်ငံလုံးရဲ့အောင်စာရင်းက်ို ကြည့်ရှုနိုင်တယ်လို့ စစ်ကောင်စီရဲ့စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့၂၀၂၂-၂၀၂၃ ပညာသင်နှစ်က တစ်နိုင်ငံလုံးမှာ ၁၀ တန်း စာမေးပွဲ ဝင်ဖြေသူ ၁၆၁,၈၅၀ ဦး ရှိခဲ့ပြီး အဲဒီအထဲက ၁၀၉,၈၅၁ ဦး အောင်ခဲ့လို့ အောင်ချက်ရာခိုင်နှုန်းက ၆၇ ဒဿမ ၈၇ ရာခိုင်နှုန်းရှိတယ်လို့ စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါဟာ ရှေ့နှစ်ကထက်စာရင် ရာခိုင်နှုန်းတိုးလာတာဖြစ်ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ ၁၀ တန်း အောင်ချက်ရာခိုင်နှုန်းက ၄၆ ဒဿမ ၈၈ ရာခိုင်နှုန်းပဲ ရှိခဲ့တာပါ။
ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် အ.ထ.က (သုဝဏ္ဏ) မှာ အောင်စာရင်းလာကြည့်တဲ့ ဖခင်တစ်ဦးက “ ကျွန်တော့်သားလေးအောင်တယ်။ တော်သေးတာပေါ့၊ ဒီနှစ်သာမအောင်ရင် စနစ်သစ်နဲ့တိုးမှာ။ အောင်တာနဲ့တင် ကျေနပ်ပါတယ်” လို့ ဒီနေ့မနက်မှာ ပြောပါတယ်။
ဒါအပြင် အင်တာနက်မကောင်းတဲ့ ဒေသတွေက အောင်စာရင်းတွေကိုတော့ ရေဒီယိုကနေဒီနေ့ ကြေညာပေးသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ အခြေခံပညာဦးစီးဌာနရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ အခြေခံပညာကျောင်း အပ်နှံသူ ၅ ဒဿမ ၆ သန်း ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး အဲဒီအထဲမှာ တစ်သိန်းခွဲကျော်က ၁၀ တန်းကျောင်းသားတွေ ဖြစ်ပါတယ်။
ပုံစာ-အထကသုဝဏ္ဏကျောင်းတွင် ၁၀ တန်းအောင်စာရင်းလာကြည့်နေသည့်မြင်ကွင်း
Photo – Mawkun
#Dailynews

