ရန်ကုန်- ၂၀၂၃၊ ဇွန် ၇ (မော်ကွန်း)
မိုခါမုန်တိုင်းအပြီး ရက် ၂၀ ကျော်ကြာလာတဲ့အထိမြောက်ဦးမြို့နယ် တိမ်ညိုစစ်ရှောင်စခန်းကိုအကူအညီထောက်ပံ့မှုတွေရောက်မလာသေးဘူးလို့ တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံကပြောပါတယ်။
“တစ်ပြည်လုံးဖြစ်သွားတော့ ကျွန်တော်တို့စခန်းအာရုံမစိုက်ကြလို့မလာတာများတယ်။ စားနပ်ရိက္ခာအရေးကြီးလိုအပ်နေတယ်။ ဘယ်အဖွဲ့အစည်း၊ ဘယ်အစိုးရမှ ထောက်ပံ့ပေးတာလည်းမရှိဘူး။ INGOs အဖွဲ့တွေရောက်လာတာလည်းမရှိသေးဘူး။” လို့ စခန်းတာဝန်ခံကပြောပါတယ်။
အခုစစ်ဘေးရှောင်ပြည်သူတွေဟာ နေအိမ်အပျက်အစီးအမိုးအကာတစ်ပိုင်းတစ်စတွေကိုပြန်အသုံးပြုကာ နေအိမ်တွေဆောက်ပြီးနေနေကြရတယ်လို့ဆိုပါတယ်။
မုန်တိုင်းဖြစ်ပြီးတော့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လူတစ်ဦးကို ၂၅,၀၀၀ ကျပ်ပေးလှူခဲ့တာရှိပေမယ့်ဒီထက်ကြီးမားတဲ့အကူအညီတွေလိုအပ်နေသေးတယ်လို့ပြောကြပါတယ်။
အဲဒီစစ်ရှောင်စခန်းမှာ လျှပ်စစ်မီးအတွက် ဆိုလာပြားတွေကိုအဓိကအသုံးပြုကြပါတယ်။ ဒါပေမယ့်လည်း မုန်တိုင်းကြောင့် နေအိမ်တွေက ဆိုလာပြားတွေအကုန်ပျက်စီးသွားခဲ့လို့ လျှပ်စစ်မီးအခုချိန်ထိမရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။
မိုခါမုန်တိုင်းကြောင့် တိမ်ညိုစစ်ရှောင်စခန်းမှာ လူအသေအပျောက်တော့မရှိခဲ့ပေမယ့်၊နေအိမ် အဆောက်အဦ အကုန်လုံးနီးပါးပျက်စီးသွားခဲ့တယ်လို့စခန်းတာဝန်ခံကပြောပါတယ်။
မုန်တိုင်းမဖြစ်မီက တိမ်ညိုစစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူ ၂,၈၀၀ ကျော် ရှိပေမယ့် နေရပ်ပြန်ကြတဲ့သူတွေရှိလာတာကြောင့် စစ်ရှောင် ၂,၀၀၀ ကျော်ရုံသာရှိတော့တယ်လို့ စခန်းတာဝန်ခံကပြောပါတယ်။
တိမ်ညိုစစ်ရှောင်စခန်းအပါအဝင်မုန်တိုင်းဒဏ်ကိုအပြင်းအထန်ခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်ကို ထိရောက်တဲ့အကူအညီပေးမှုတွေမရောက်ရှိနိုင်ပါက အငတ်ဘေးနဲ့ ရောဂါဘယဘေး ကြုံတွေ့နိုင်တယ်လို့လည်း ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်က ဇွန် ၅ ရက်က ထုတ်ပြန်ထားပါတယ်။
ပုံစာ- မိုခါမုန်တိုင်းအပြီး တိမ်ညိုစစ်ရှောင်စခန်းအပျက်အစီးမြင်ကွင်း
ပုံ- Kyaw Tin
#Dailynews

