မူတြော် – ၂၀၂၃ ဇွန် ၂ (မော်ကွန်း)
ကေအဲန်ယူတပ်မဟာ ၅ နယ်မြေမှာ ပြီးခဲ့တဲ့ ၂၀၂၃ မေလထဲမှာ အာဏာသိမ်းစစ်တပ်ဘက်က ၁၂၀ ကျော်သေဆုံးခဲ့တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်နဲ့ နယ်ခြားစောင့်တပ်(BGF) ဘက်က ၁၂၂ ဦးသေဆုံးခဲ့ပြီး အဲဒီအထဲမှာ ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်နှစ်ဦး၊ တပ်ကြပ်ကြီးသုံးဦးနဲ့ တပ်ကြပ်တစ်ဦးတို့ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က လက်နက်နဲ့ရိက္ခာထောက်ပို့ယာဉ် ခြောက်စီးနဲ့ မြင်း၊ လားခြောက်ကောင်ကိုလည်း ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။
တပ်မဟာ ၅ ဘက်က နှစ်ဦးကျဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကာ အာဏာသိမ်းစစ်တပ်ဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သားပြည်သူတစ်ဦးလည်း သေဆုံးသွားရတယ်လို့ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တပ်မဟာ ၅ နယ်မြေထဲက အရပ်သားပြည်သူတွေရဲ့ ထိုင်းဘတ်ငွေ ၂၈၀,၀၀၀ (ကာလပေါက်ဈေး ကျပ်သိန်း ၂၄၀ ကျော်) နဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ခိုးယူသွားတယ်လို့ ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။
ပုံစာ – ၂၀၂၃ မေ ၂၆ ရက်က တပ်မဟာ ၅ နယ်မြေအတွင်း သိမ်းပိုက်ရရှိခဲ့သော နယ်ခြားစောင့်တပ်ကင်းစခန်းမှ လက်နက်ခဲယမ်းများ
ဓါတ်ပုံ – ကေအဲန်ယူတပ်မဟာ ၅
#Dailynews

