စဉ့်ကူး – ၂၀၂၃ မေ ၃၁ (မော်ကွန်း)
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးရွာနဲ့ သဲအင်းရွာတို့ကို အာဏာသိမ်းစစ်တပ်က မီးရှို့ထားတာကြောင့် မီးငြှိမ်းသတ်ဖို့သွားတဲ့ ရွာသား ၁၀ဦးလောက်ဟာ မေလ ၂၇ရက်ကနေ ဒီနေ့အထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ Bo Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီး ကပြောပါတယ်။
ကြက်တူရွေးရွာကနေ အိမ်ထဲ ပစ္စည်းကျန်ခဲ့တာကြောင့် ပြန်သွားယူတဲ့ လင်မယားနဲ့ သဲအင်းရွာထဲက မီးလောင်နေတဲ့ အိမ်တွေက်ိုမီးသွားငြိမ်းတဲ့ ရွာသား ရှစ်ဦး ဒီနေ့အထိ ရွာထဲကနေ ပြန်မထွက်လာသေးသလို အဆက်သွယ်လည်းမရဘူးလို့ သူကပြောပါတယ်။
“သဲအင်းရွာမှာ စစ်သားက ၁၅၀လောက်ရှိတာ၊ ရွာကိုမီးရှို့ပြီးတော့ သူတို့က အထွက်နည်းနည်းပြတော့ ထွက်သွားပြီထင်ပြီး ရွာထဲဝင်မီးငြှိမ်းကြတာ၊ ရွာတွေထဲမှာ စစ်သားတွေက ကင်းပုန်းထားပြီးကျန်ခဲ့ကြတယ် ၊ခုအဲ့ဒါတွေအကုန်အဆက်သွယ်ပြတ်နေတယ်”လို့ဗိုလ်ကျားကြီးကပြောပါတယ်။
ကြက်တူရွေးရွာက မီးမလောင်ဘဲကျန်နေသေးတဲ့နေအိမ်တွေကို အာဏာသိမ်းစစ်တပ်စစ်သားတွေ မနေ့ကထပ်မံမီးရှို့ခဲ့တယ်လို့ သူကပြောပါတယ်။
သဲအင်းရွာနဲ့ ကြက်တူရွေး ရွာတွေမှာအာဏာသိမ်းစစ်တပ်ကင်းပုန်းတွေကျန်ရှိနေတာကြောင့် နေအိမ်ပျက်စီးမှုအခြေနေနဲ့ အသေးစိတ်ကိုမသိရသေးပါဘူး။
စဥ့်ကူးမြို့နယ်ထဲက ကျွန်းကြီးရွာ၊ ကြက်တူရွေးရွာနဲ့ သဲအင်းရွာတွေကို အာဏာသိမ်းစစ်တပ်က မေလ ၂၅ရက်က မီးရှို့ခဲ့ပြီး သဲအင်းရွာကို Mi 35 ရဟတ်ယာဉ်နဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။
စဥ့်ကူးမြို့နယ်ထဲကို အာဏာသိမ်းစစ်တပ်ကမေ၂၁ရက်မှာ စတင်စစ်ကြောင်းထိုးလာတာကြောင့်ကျေးရွာ ၁၂ရွာကဒေသခံတွေထွက်ပြေးနေကြရပါတယ်။
#Dailynews

