ရန်ကုန်- ၂၀၂၃၊ မေ ၂၉ (မော်ကွန်း)
ပခုက္ကူအခြေစိုက်ဒေသခံကာကွယ်ရေးအဖွဲ့ Earthquake People’s Defense Force မှ စစ်ကောင်စီထံ လက်နက်တွေနဲ့အတူအညံ့ခံသွားခဲ့တဲ့တပ်ဖွဲ့ဝင်လေးဦးကို ပစ်မှတ်ထားအရေးယူသွားမယ်လို့ Earthquake People’s Defense force ဥက္ကဌဖြစ်သူကပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၄ ရက် ညပိုင်းမှာ Earthquake People’s Defense Force အဖွဲ့ခေါင်းဆောင်မှ တိုက်ခိုက်ရေးခေါင်းဆောင်အပါအဝင်လေးဦးကို မစ်ရှင်တစ်ခုပြုလုပ်ဖို့တာဝန်ပေးခဲ့ပြီး ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ စကစတပ်သားတွေနဲ့ထိပ်တိုက်တွေ့ဆုံခဲ့ရာ စကစတပ်သားတွေက “အဖမ်းခံမှာလား၊ အညံ့ခံမှာလား” လို့မေးမြန်းခဲ့ပြီး Earthquake People’s Defense Force အဖွဲ့သားလေးဦးက အော်တိုသေနတ်နှစ်လက်နဲ့အညံ့ခံခဲ့တာလို့ သူကပြောပါတယ်။
“အော်တိုသေနတ်နှစ်လက်ပါပဲ။ မီဒီယာတွေမှာဖော်ပြသလို သိန်းနှစ်ထောင်မပါသွားပါဘူး။ အဖွဲ့အစည်းရဲ့သေနတ်နှစ်လက်ပဲပါသွားတာပါ။” လို့ Earthquake အဖွဲ့ ဥက္ကဌ ဖြစ်သူကပြောပါတယ်။
ပခုက္ကူမြို့နယ်အခြေစိုက် Earthquake People Defense Force ဟာ ပြီးခဲ့တဲ့ မေလ ၂၅ ရက်မှာ စစ်ကောင်စီထံ သေနတ်နှစ်လတ်အပြင် ပိုက်ဆံ သိန်း ၂,၀၀၀ ကျပ်နဲ့ အညံ့ခံသွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Earthquake အဖွဲ့ဝင်လေးဦး ဒီလိုစစ်ကောင်စီထံအညံ့ခံခဲ့တာဟာ ပြီးခဲ့တဲ့ဧပြီလတုန်းက စစ်ကောင်စီထံ လက်နက်ချအညံ့ခံထွက်ပြေးခဲ့တဲ့ ပခုက္ကူအခြေစိုက်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ Defense Team Pakokku အဖွဲ့ခေါင်းဆောင် အောင်သူ(ခ)Snake ရဲ့စည်းရုံးမှုကြောင့်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။
Earthquake အဖွဲ့ ဥက္ကဌဖြစ်သူကတော့ “တော်လှန်ရေးအစပိုင်းမှာတော့မဟာမိတ်အဖြစ်တိုက်ပွဲဖော်ဆောင်ခဲ့တာတွေရှိတယ်။ ဒါပေမယ့် အပြင် ဆက်ဆံရေးအပိုင်းမှာတော့ပုံမှန်အနေထားမှာပဲရှိတယ်။ ဒီလိုမျိုးလှမ်းပြီးချိတ်ဆက်ခေါ်ဆောင်တာမျိုးတွေတော့မရှိဘူး” လို့ငြင်းဆိုထားပါတယ်။
ဒီလိုမျိုး တပ်ဖွဲ့ဝင်လေးဦးစစ်ကောင်စီထံ လက်နက်တွေနဲ့အတူအညံ့ခံခဲ့ပေမယ့် Earthquake အဖွဲ့ခေါင်းဆောင်အပါအဝင်တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီကိုမစ်ရှင်တွေဆက်လက်ပြုလုပ်သွားမှာဖြစ်သလိုအဆုံးထိတော်လှန်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
#Dailynews

