ရန်ကုန် – ၂၀၂၃ မေ ၃၀ (မော်ကွန်း)
မုန်တိုင်းတိုက်ပြီး နှစ်ပတ်ကျော်ကြာလာတဲ့အထိ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှာ လျှပ်စစ်မီးမရသေးတဲ့အပြင် သောက်ရေဈေးတွေပါ တက်နေတာကြောင့် ရေအခက်အခဲတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မီးမရလေလေ၊ ရေမရလေလေပဲ။ ဒီမှာက ရေသန့်စက်တွေကသေးတော့ ရေသိပ်မထွက်ဘူး ဖြစ်နေတာ။ အဲ့ဒါကြောင့်မို့လည်း သောက်ရေတွေ ဈေးတက်တာ” လို့ ပုဏ္ဏားကျွန်းမြို့နယ်နေဒေသခံတစ်ဦးကပြောပါတယ်။
အခုဆို ၂၀ လီတာဆန့် သောက်ရေသန့်တစ်ဗူးကို ကျပ် ၂,၀၀၀ အထိ ဈေးတက်နေပြီး ယခင်က ကျပ် ၆၀၀ သာ ပေးရတာလို့ဆိုကြပါတယ်။
မိုခါမုန်တိုင်းအပြီး ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတွေမှာ သောက်သုံးရေကန်တွေထဲ ဆားငံရေတွေဝင်သွားတာကြောင့် သောက်သုံးရေကန်တွေ ပျက်စီးသွားခဲ့တာပါ။ အခုဆို ပုဏ္ဏားကျွန်းမြို့ပေါ်နေထိုင်သူတွေသာမက ကျေးရွာတွေကနေပါ မြို့ပေါ်ထိ သောက်ရေလာဝယ်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
လျှပ်စစ်မီးမရတော့ မီးစက်မောင်းပြီးရေတင်တာတွေလုပ်ဆောင်နေရသလို မီးစက်ဈေးကလည်း နှစ်ဆမကတက်နေလို့ မုန်တိုင်းနောက်ဆက်တွဲဒဏ်တွေကို အလူးအလဲခံနေကြရတယ်လို့လည်းဆိုပါတယ်။
“ မုန်တိုင်းမဖြစ်ခင်တုန်းက သုံးသိန်းပေးရတဲ့ မီးစက်က အခုခြောက်သိန်းလောက်ပေးနေရတယ်” လို့ ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကျေးလက်ပိုင်းကဒေသတွေမှာ သောက်သုံးရေပြဿနာအပြင် ရေနဲ့ဆက်စပ်တဲ့ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှုတွေလည်း ရှိလာနေပြီး သတင်းအချက်အလက်တွေ ပြတ်နေတဲ့အတွက် အသေးစိတ်အခြေအနေတွေကို မသိရသေးဘူးလို့ ပုဏ္ဏားကျွန်းမြို့အခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။
“ မနေ့က နယ်ဘက်ကနေ ရေလာယူတဲ့သူတွေကို အဲဒီဘက်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေဖြစ်နေပြီလားဆိုတော့ သူတို့ကိုယ်တိုင်ပဲ ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်တဲ့။ ဆေးတွေဘာတွေလည်း ထိုးလိုက်ရသေးတယ်တဲ့။ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ စတော့ဖြစ်နေပြီ။ နယ်ဘက်တွေဆိုတော့ ဆက်သွယ်ရေးမကောင်းတော့ ဘာသတင်းမှ မတက်သေးတာ”လို့ သူက ပြောပါတယ်။
မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရဲ့ထိခိုက်ပျက်စီးမှုတွေကို ပြန်လည်ထူထောင်ရေးအကူအညီတွေ ပေးနေတယ်လို့ နိုင်ငံတကာလူသားချင်းစာနာမှုအဖွဲ့အစည်းတွေက ထုတ်ပြန်နေကြပေမယ့် သူတို့မြို့နယ် ဘက်ကိုတော့ အကူအညီပေးတဲ့အဖွဲ့တွေ အခုထိ မရောက်သေးဘူးလို့ ပုဏ္ဏားကျွန်းမြို့က အကူအညီပေးသူတွေကဆိုပါတယ်။ သူတို့မြို့နယ်အတွက် သောက်ရေ၊ ဆေးဝါးနဲ့ အစားအစာတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ဒေသ အခြေစိုက်ကူညီကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျေးရွာပေါင်း ၂၀၀ နီးပါးရှိပြီး မုန်တိုင်းကြောင့် နေအိမ်၊ အဆောက်အဦ ၉၀ ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်လို့ ကူညီကယ်ဆယ်ရေးအသင်းတွေက ပြောကြပါတယ်။
ပုံစာ – မေ ၂၆ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ဒီပါရုံကျေးရွာမှာ ပုဏ္ဏားကျွန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း (PDYO)က သောက်သုံးရေလှူဒါန်းနေသည့်မြင်ကွင်း
Photo – PDYO
#Dailynews

