ကော်သူးလေ − ၂၀၂၃ မေ ၂၈ (မော်ကွန်း)
ကော်သူးလေ၊ ကေအဲန်ယူတပ်မဟာ ၅ ၊ မူတြော်ခရိုင်မှာ နယ်ခြားစောင့်တပ်(BGF) ကင်းစခန်းတစ်ခုကို ပြီးခဲ့တဲ့ မေ ၂၆ ရက်က တိုက်ခိုက်ခဲ့ပြီး ငါးဦးသေဆုံးကာ လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။
ကေအဲန်ယူတပ်မဟာ ၅ ကို ကျူးကျော်တပ်စွဲထားတဲ့ နယ်ခြားစောင့်တပ်ရဲ့ ကင်းစခန်းကို ဒီကနေ့နံနက် ၆း၃၀ ဝန်းကျင်က KNLA က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
တိုက်ခိုက်ခံရတဲ့ နယ်ခြားစောင့်တပ်ဘက်က ငါးဦးသေဆုံးပြီး M-16 AR လေးလက်၊ ၄၀ မမ M-79လောင်ချာတစ်လက်နဲ့ ၉ မမ ပစ္စတိုတစ်လက်အပါအဝင် ကျည်ဆန်တွေ၊ လောင်ချာဗုံးသီးတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။
ဒီတိုက်ပွဲမှာ ကေအဲန်ယူဘက်က ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဘူးလို့ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေ ၂၀ ရက်ကလည်း တပ်မဟာ ၅ နယ်မြေထဲမှာ နယ်ခြားစောင့်တပ်စခန်းတစ်ခုတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးခဲ့သလို မေ ၂၅ ရက်မှာလည်း မူတြော်ခရိုင်၊ လယ်မူပလောမြို့နယ်မှာ KNLA တပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ်၊ စစ်သားလေးဦးသေဆုံးခဲ့သေးပါတယ်။
၂၀၂၃ မေလ ပထမနှစ်ပတ်အတွင်းမှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ၂၆ ဦး တပ်မဟာ ၅ အတွင်း သေဆုံးခဲ့တယ်လို့ မေ ၁၆ ရက်မှာ တပ်မဟာ ၅ က ထုတ်ပြန်ထားပါသေးတယ်။
ဒါကြောင့် ကေအဲန်ယူတပ်မဟာ ၅ နယ်မြေမှာ မေလအတွင်း အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူ ၄၀ ဦးရှိနေပါတယ်။
ပုံစာ − နယ်ခြားစောင့်တပ်ထံက သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
ဓါတ်ပုံ − ကေအဲန်ယူတပ်မဟာ ၅
#Dailynews

