ရန်ကုန်-၂၀၂၃၊ မေ ၂၉ (မော်ကွန်း)
ဇွန် ၁ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းတွေဖွင့်ကြဖို့ စစ်ကောင်စီက ဖိအားပေးနေပေမယ့် မုန်းတိုင်းဒဏ်သင့်ရခိုင်ပြည်နယ်မှာတော့ စာသင်ကျောင်းတချို့ပျက်စီးခဲ့တဲ့အတွက် ပြန်ဖွင့်ဖို့ အခက်အခဲကြုံနေရတယ်လို့ ကျောင်းဆရာတချို့က ဒီနေ့ပြောပါတယ်။
“ အခုက ကျောင်းတွေအများစုက ပြန်ပြီးပြင်ဆင်တာတွေမရှိသေးဘူး။ အနည်းအကျဉ်းသော ကျောင်းတွေကတော့ ပြန်ပြင်ဆင်နေတာတွေ ရှိတယ်။ တော်တောများများက နေအိမ်တွေလည်း ပျက်စီးသွားကြပြီလေ။ အခုက ကျောင်းအပ်ရမယ်ဆိုပြီးလုပ်နေပေမယ့် မြေပြင်အခြေအနေမှာတော့ ကျောင်းဖွင့်ဖို့ဆိုတာ ဖြစ်နိုင်တဲ့အနေအထားမှာတော့မရှိသေးဘူး” လို့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မုန်းတိုင်းသင့်မြို့နယ်တစ်ခုဖြစ်တဲ့ မြောက်ဦးမြို့နယ်က ကျောင်းဆရာတစ်ဦးက ပြောပါတယ်။
ဇွန် ၁ ရက်မှာ စတင်မယ့် ၂၀၂၃-၂၀၂၄ စာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမှုတွေကို မေ ၂၃ ရက်ကတည်းက လုပ်ဆောင်နေကြပြီး ရခိုင်ပြည်နယ်မှာလည်း လာရောက်အပ်နှံမှုတွေတော့ ရှိတယ်လို့ မုန်တိုင်းကြောင့် အကြီးအကျယ် ပျက်စီးထိခိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က အထက်တန်းကျောင်းအုပ်ဆရာတစ်ဦးက ပြောပါတယ်။
“ မုန်တိုင်းကြောင့် ကျွန်တော့်ကျောင်းမှာဆို အမိုးတွေ လန်ကုန်တာ။ လာမယ့် ဇွန်လအမှီ ဖွင့်နိုင်ဖို့တော့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ စစ်တွေမြို့မှာ မီးမရသေးတော့ ကျောင်းဖွင့်တဲ့အခါ ကျောင်းသားတွေအတွက်၊ ရေလုံအိမ်သာတွေအတွက် သုံးရေရဖို့ မီးစက် မောင်းပေးဖို့ လိုတယ်။ အခုက စစ်တွေမှာ မီးစက်စျေးတွေ နှစ်ဆလောက်တက်နေတော့ အတော်အခက်ကြုံနေတယ်” လို့ သူက ပြောပါတယ်။
စစ်တွေနဲ့မြောက်ဦးမှာ နေအိမ်အများအပြားပျက်စီးထားတဲ့အတွက် မိဘတွေအနေနဲ့ သူတို့ကလေးတွေကို ကျောင်းတက်ဖို့ လွှတ်ပေးနိုင်၊ မပေးနိုင်ဆိုတာ မသေချာသေးဘူးလို့ ကျောင်းဆရာ တွေကသုံးသပ်ပါတယ်။
“ ပြီးခဲ့တဲ့စာသင်နှစ်မှာ ကျွန်တော်ကျောင်းမှာ ကျောင်းသား ၆၀၀ ခန့် တက်တယ်။ အခု ကျောင်းအပ်ပြီးတာက ၉၀ ရာခိုင်နှုန်း လောက်တော့ လာအပ်ထားပြီးပြီး။ တက်၊ မတက်တော့ မသိသေးဘူးပေါ့” လို့ အထက်ပါ စစ်တွေမြို့က အထက်တန်း ကျောင်းအုပ်ဆရာက ပြောပါတယ်။
လောလောလတ်လတ် မုန်းတိုင်းဒဏ်သင့်ထားတဲ့အတွက် မိသားစုတွေရဲ့ပြန်လည်ထူထောင်ရေးလုပ်နေရတာကြောင့် ရခိုင်ပြည်နယ်ရဲ့ ကျောင်းဖွင့်ရာသီကို တစ်လလောက်နောက်ဆုတ်ပေးတာမျိုးလုပ်ပေးနိုင်ရင် ကျောင်းသားမိဘတွေအတွက် အဆင်ပိုပြေနိုင်မယ်လို့ ကျောင်းဆရာတွေ သုံးသပ်ပါတယ်။
စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မှာ မုန်တိုင်းကြောင့် စာသင်ကျောင်းပေါင်း ၁,၃၅၂ လုံး ပျက်စီးထိခိုက်ခဲ့တယ်လို့ မေ ၁၈ ရက်က ထုတ်ပြန်ထားပါတယ်။
ပုံစာ- မုန်တိုင်းကြောင့်ပျက်စီးသွားတဲ့ရသေ့တောင်မြို့နယ်၊ ခွဆုံကျေးရွာမှ အခြေခံပညာအလယ်တန်းကျောင်းမြင်ကွင်း
Photo – U Oo Tin Thein
#Dailynews

