ရန်ကုန် -၂၀၂၃ မေ ၂၆ (မော်ကွန်း)
ခင်ဦးမြို့အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေဝင်ပြီး မီးရှို့နေတာကြောင့် ဒေသခံသုံးထောင်ကျော် မနေ့ကတည်းကတိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ်၊ သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ကနေ မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်တွေဘက်ကို သွားတဲ့ကားလမ်းနဘေးမှာရှိတဲ့ မြေနီသျှိုရွာကို စစ်ကောင်စီတပ်တွေက မနေ့ညကတည်းက ဝင်ရောက်မီးရှို့တာကြောင့် အဲဒီရွာသားတွေအပြင် အနားဝန်းကျင်ကရွာသားတွေပါ ထွက်ပြေးတိမ်းရှောင်နေရတာပါ။
“ အိမ်ခြေအများကြီးတော့ မပါသွားလောက်ဘူး။ မီးခိုးနည်းတယ်။ ပျက်စီးထိခိုက်မှုအနေအထားကတော့ လောလောဆယ် ကျွန်တော်တို့ (ပကဖတွေ) နယ်မြေမရှင်းရသေးတဲ့အတွက် သွားကြည့် လို့တော့မရသေးဘူး။
(စစ်ကောင်စီတပ်တွေရဲ့) ကင်းပုန်းဘာညာ စစ်ဆေးရေးကျန်သေးတဲ့ အနေအထားဆိုတော့ ဝင်လို့အဆင်မပြေသေးဘူး။ ဒေသခံတွေကတော့ ပြန်လို့မရသေးဘူး” လို့ ဒီနေ့မနက်ပိုင်းမှာ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။
မီးရှို့ခံရတဲ့မြေနီသျှိုရွာဟာ အိမ်ခြေသုံးရာဝန်းကျင်ရှိတယ်လို့ သူကဆိုပါတယ်။
“ စစ်ကြောင်းက မနေ့ညက မြေနီသျှိုရွာနဲ့အနီးက မန်ကျီးတုံရွာမှာ နှစ်ဖွဲ့ခွဲအိပ်ပြီး အခုမနက်ပြန်ထိုးတယ်။ ရွှေဘိုမြစ်ကြီးနားလမ်းအနောက်ဘက် ခင်ဦးနယ် သံဘိုကျေးရွာတောလမ်းကနေ စစ်ကြောင်းထိုးတော့ (ပကဖတွေထောင်ထားတဲ့) မိုင်းတွေမိတယ်။ တော်တော်လေးထိသွားတဲ့အနေအထားမှာ သူတို့လက်နက်ကြီးငယ်တွေနဲ့ ရမ်းပစ်တယ်။ (ဒီနေ့) ၁၀ နာရီ ၁၅ မိနစ်လောက်မှာ ရွှေဘိုနယ် ဖုတ်ကုန်းပျူရွာထဲရောက်သွားတယ်” လို့ သူကပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကတည်းက ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ကျေးရွာ ၇၃ ရွာအထိ မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေငါးထောင်ကျော်ပျက်စီးကာ ပြည်သူသုံးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ထားတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။
Data for Myanmar သုတေသနအဖွဲ့ရဲ့စာရင်းတွေအရ ယခုနှစ်ဖေဖော်ဝါရီ ၂၈ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးတာကြောင့် တစ်နိုင်ငံလုံးမှာအိမ်ခြေ ခြောက်သောင်းကျော်ပျက်စီးခဲ့ပြီဖြစ်ပြီး ခင်ဦးမြို့နယ်ပါဝင်တဲ့ စစ်ကိုင်းတိုင်းထဲမှာတင် အိမ်ခြေငါးသောင်းနီးပါး ဖျက်ဆီးခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေရဲ့သုံးကြိမ်မြောက်မီးရှို့ခံခဲ့ရတဲ့ ခင်ဦးမြို့နယ် ကံသစ်ရွာရဲ့မြင်ကွင်းများ
Photo – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

