ယခုနှစ်ပထမလေးလအတွင်း စကစရဲ့လေကြောင်းတိုက်ခိုက်မှု ၄၅၄ ကြိမ်ရှိပြီး အရပ်သား ၂၉၂ ဦးသေဆုံး

ယခုနှစ်ပထမလေးလအတွင်း စကစရဲ့လေကြောင်းတိုက်ခိုက်မှု ၄၅၄ ကြိမ်ရှိပြီး အရပ်သား ၂၉၂ ဦးသေဆုံး

ရန်ကုန်-၂၀၂၃ မေ ၂၃ (မော်ကွန်း)

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အခုနှစ် ဇန်နဝါရီကနေဧပြီအထိ ၄၅၄ ကြိမ် ရှိခဲ့ပြီး အရပ်သား ၂၉၂ ဦးသေဆုံးခဲ့တယ်လို့ အရပ်ဘက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က မနေ့ကထုတ်ပြန်ပါတယ်။

ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ ရှမ်းဒေသတွေမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်နှစ်တာကာလထက် လေကြောင်းတိုက်ခိုက်မှု ပိုမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အခုနှစ် ဧပြီအထိ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁,၄၂၇ ကြိမ်ရှိခဲ့ပြီး ကရင်ပြည်နယ်မှာ အကြိမ်ရေ ၃၂၀ ကျော်နဲ့ စစ်ကိုင်းတိုင်းမှာ ၂၉၅ ကြိမ်အထိတိုက်ခိုက်ခံခဲ့ရတယ်လို့ အစီရင်ခံစာမှာဆိုထားပါတယ်။

စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ဒုတိယအများဆုံးခံရတဲ့ စစ်ကိုင်းတိုင်းမှာရှိတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးကတော့ လေကြောင်းရန်နဲ့ပတ်သက်ပြီး အခုလို မော်ကွန်းကိုပြောပါတယ်။

“ လေကြောင်းကာကွယ်ရေးတော့ ဘာမှမရှိဘူး။ လာရင်ပြေးရုံပဲဒါပဲရှိတာ။ ဗုံးခိုကျင်းကလည်း ရှိတဲ့ရွာရှိတယ်။ မရှိတဲ့ရွာလည်းအများကြီး။ ဗုံးခိုကျင်းတွေဘာတွေလုပ်ဖို့တော့ တနေ့နှစ်ကြိမ်လောက်တော့ NUG ဘက်က ကြေညာတာတော့ရှိတယ်။ မြေပြင်ကတော့ ကြိုက်သလောက်လာ၊ လေကြောင်းလာရင်တော့ ပြေးရုံပဲရှိတာ”
သုတေသနအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းမှာ လေကြောင်းပစ်မှတ်တွေအဖြစ် လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အခြေစိုက်တဲ့ တပ်စခန်းတွေ၊ ကျေးရွာတွေ၊ မြို့တွေကိုသာမက အရပ်သားတွေစုဝေးတဲ့ အခမ်းအနားတွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ လူနေအိမ်တွေနဲ့ ယာယီစစ်ရှောင်စခန်းတွေကိုပါ တိုက်ခိုက်နေတယ်လို့ဆိုထားပါတယ်။

အဲဒီသုတေသနအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ စစ်ကောင်စီလေတပ်ဟာ အာဏာသိမ်းချိန်ကစလို့ အခုနှစ် ဧပြီအထိ ရက်ပေါင်း ၈၅၀ အတွင်း သုံးရက်မှာ တစ်ရက်နှုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ မှာ လေကြာင်းတိုက်ခိုက်မှုကြောင့် ၇၄ ဦးသေဆုံးပြီး ၂၀၂၂ မှာတော့ ၂၆၈ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။

ပုံစာ – စစ်ကောင်စီဥက္ကဋ္ဌ တိုက်လေယာဉ်တစ်စင်းအား စစ်ဆေးနေပုံ
Photo-cincds


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."