ရန်ကုန်-၂၀၂၃ မေ ၁၉(မော်ကွန်း)
မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ချင်းပြည်နယ်ထဲကမြို့နယ်တွေမှာ အရေးပေါ် အမိုးအကာနဲ့ စားနပ်ရိက္ခာလိုအပ်နေတယ်လို့ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ကန်ပက်လက်မြို့နယ်ထဲမှာ မေ ၁၈ ရက်ညနေအထိရထားတဲ့စာရင်းတွေအရ လူနေအိမ်၊ စာသင်ကျောင်း၊ ဘုရားကျောင်းအပါအဝင် အဆောက်အအုံ ၁၅၆ လုံး မုန်တိုင်းကြောင့် ပျက်စီးခဲ့ပြီး အဲဒီအထဲမှာ ၁၈ လုံးဟာ လုံးဝ ပျက်စီးသွားတာလို့ သူကပြောပါတယ်။
“ အစားအသောက်လိုတယ်။ ဆေးဝါးလိုအပ်တယ်။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ဝင်တယ်ဆိုတာတော့ ဘယ်ကမှမကြားသေးဘူး” လို့ အထက်ပါ ကန်ပက်လက် ပအဖ အဖွဲ့က တာဝန်ရှိသူကပြောပါတယ်။
ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ကလည်း မုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ အိမ်မိုးသွပ်ပြား၊ သံ၊ မိုးကာနဲ့ တာလပတ်တွေလိုအပ်နေသလို စပါးကျီတွေ ပျက်သွားတာကြောင့် ဒေသခံတွေအတွက် ဆန်ရိက္ခာနဲ့စားသောက်ကုန်တွေအပြင် ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ မေ ၁၇ ရက်က
ထုတ်ပြန်ထားပါတယ်။
ICNCC ရဲ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်တစ်ဝန်းမှာ အိမ်ခြေ ၁,၇၇၄ လုံး၊ ဘာသာရေး အဆောက်အဦ ၂၉ ခု၊ ကျန်းမာရေးအဆောက်အဦ ငါးခု၊ စာသင်ကျောင်း ၃၀ နဲ့ စပါးကျီ ၁၉ ခု ပျက်စီးသွားတယ်လို့ဆိုထားပြီး ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်း အချိန်နဲ့အမျှပြောင်းလဲနိုင်တယ်လို့ ဖော်ပြပါတယ်။
ဒီနေ့အထိ ချင်းပြည်နယ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေဆဲဖြစ်ပြီး စစ်ကောင်စီက ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် ကိုးခုအနက် ရှစ်ခုကို မုန်တိုင်းဒဏ်မခံရခင်ကတည်းက စစ်ရေးအရ အင်တာနက်ဖြတ်တောက် ထားတာပါ။
“ မြေပြိုတဲ့နေရာတွေကတော်တော်လေး ဒုက္ခရောက်နေတယ်။ တချို့နေရာတွေဆို ဆိုင်ကယ်မောင်းမရဘူး။ လူသုံးယောက်လောက်က မြေစာပုံပေါ်ကနေ ဆိုင်ကယ်ကို မ ပြီးတော့သွားနေရတယ်။ သွားမယ်ဆို အစုအဖွဲ့၊ လေးငါးခြောက်ယောက်မဟုတ်ရင် သွားလာလို့အဆင်မပြေတဲ့ အနေအထားရှိတယ်” လို့ မြို့နယ်အတွင်းက လမ်းပန်းဆက်သွယ်ရေးအခြေနေကို ကန်ပက်လက် ပအဖအဖွဲ့ဝင်က ပြောပါတယ်။
မော်ကွန်းအနေနဲ့ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့တဲ့ ချင်းပြည်နယ်က တစ်ခြားမြို့နယ်တွေရဲ့ အခြေနေကိုသိရဖို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေဆီ ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
မိုခါမုန်တိုင်းကြောင့် ရခိုင်အပါအဝင် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၄၅၅ ဦး ရှိတယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီဘက်ကတော့ ၁၄၅ ဦးသာ ရှိတယ်လို့ ဒီနေ့မှာထုတ်ပြန်ထားပါတယ်။
ပုံစာ – မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်ထဲက ထိခိုက်ပျက်စီးမှုများ
Photo-ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ
#Dailynews

