ရန်ကုန် – ၂၀၂၃ မေ ၁၈ (မော်ကွန်း)
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ဆိုက်ကလုန်းမိုခါကြောင့် ဒေသခံတွေမွေးမြူထားတဲ့ ကျွဲ၊ နွား ရာနဲ့ချီပြီးသေဆုံးခဲ့တယ်လို့ မွေးမြူရေးလုပ်ကိုင်သူတွေဆီက သိရပါတယ်။
ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ၊ အငူမော်ကျေးရွာ၊ ကူတောင်ကျေးရွာ၊ ရွာသစ်ကေကျေးရွာတွေမှာ မုန်တိုင်းကြောင့် ကျွဲနွားတွေသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲ့ဒီကျေးရွာတွေဟာ မုန်တိုင်းကြောင့် နေအိမ်အားလုံးနီးပါးပျက်စီးခဲ့ပြီး စာသင်ကျောင်း၊ ဘုန်ကြီးကျောင်းတွေပါ ပျက်စီးခဲ့ပါတယ်။
မုန်တိုင်းကြောင့် အငူမော်ကျေးရွာမှာ ကျွဲနွား အကောင် သုံးရာခန့်သေဆုံးခဲ့တယ်လို့ အဆိုပါကျေးရွာသားတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ရသေ့တောင်မြို့နယ်နဲ့အငူမော် ဆက်သွယ်ထားတဲ့ ကားလမ်းတစ်လျှောက်မှာလည်း ကျွဲနွားအသေကောင်တွေ ပြန့်ကျဲနေပြီး လာရောက်ရှင်းလင်းမှုလည်းမရှိသေးဘူးလို့ အဆိုပါဒေသခံက ပြောပါတယ်။
“နီးစပ်ရာ ရွာသားတွေကတော့ နိုင်သလောက်ရှင်းလင်းတာရှိတာပေါ့၊ သူတို့လည်း နိီးစပ်သလောက်ပဲ ရှင်းလင်းထားပြီး အကုန်မရှင်းလင်းနိုင်သေးဘူး။ လမ်းပေါ်မှာ ကျွဲ၊ နွားအသေတွေ ပုပ်ပြီးနံဟောင်နေတာ ဒီအတိုင်းပဲ” လို့ သူကပြောပါတယ်။
ဒါ့အပြင် ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာမှာလည်း ကျေးရွာတစ်ခုလုံးနီးပါးပျက်စီးခဲ့ကာ ကျွဲနွား အကောင် ၂၀၀ ခန့် သေဆုံးခဲ့တယ်လို့ ကူတောင်ကျေးရွာက နွားမွေးမြူရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
“မုန်တိုင်းလာတော့ ကျွဲနွားတွေလည်း လုံခြုံတဲ့နေရာမပို့နိုင်ဘူး၊ လူတွေလည်း နေစရာမရှိတော့ဘူး၊ အိမ်အားလုံးလည်း ပျက်သွားတယ်၊ ရှင်းလင်းမယ့်သူလည်းမရှိဘူး၊ ကျွဲနွားအသေတွေဒီအတိုင်း လယ်ကွင်းထဲမှာ ပစ်ထားရတယ်။ နိုင်သလောက်တော့ ရှင်းလင်းနေရတာပေါ့” လို့ သူကပြောပါတယ်။
အဲ့ဒီလို ကျွဲနွားသေဆုံးမှုတွေကြောင့် ရသေ့တောင်မြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် လယ်ယာစိုက်ပျိုးသူတွေနဲ့ ကျွဲ၊ နွား မွေးမြူပြီး အသားပြန်လည်ရောင်းချသူတွေအတွက် အခက်အခဲတွေဖြစ်လာမယ်လို့ ရသေ့တောင်မြို့နယ်က တောင်သူတစ်ဦးကပြောပါတယ်။
“စိုက်ပျိုးရေးရာသီရောက်ပြီ ဆိုပေမယ့် ဒီဘက်မှာက ကျွဲနွားတွေထက် စက်နဲ့ပဲ ထွန်ယက်ကြတာများတယ်။ စိုက်ပျိုးရေးကဏ္ဍကိုတော့ အကြီးအကျယ်မထိခိုက်ပါဘူး။ ကျွဲနွားအသုံးပြုတာ တစ်နိုင်တစ်ပိုင် စိုက်တဲ့ တောင်သူတွေ ရှိတယ်၊ ပြီးတော့ မွေးမြူရေးသမားတွေ၊ အသားပြန်ရောင်းဖို့ မွေးထားတဲ့ မွေးမြူရေးခြံတွေတော့ အခက်အခဲဖြစ်မှာပေါ့” လို့ သူကပြောပါတယ်။
ရသေ့တောင်မြို့နယ်ဟာ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ မြို့နယ်ဖြစ်ပြီး လူသေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။
Photo – Supplied
#Dailynews

