ရန်ကုန်- ၂၀၂၃၊ မေ ၁၇ (မော်ကွန်း)
အိမ်ဆောက်ပစ္စည်းဈေးတွေ ခုန်တက်နေလို့ မုန်တိုင်းဘေးသင့်သူတွေရဲ့ နေအိမ်တွေပြန်ဆောက်ဖို့ အခက်အခဲတွေ့နေရတယ်လို့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြောက်ဦးမြို့က ဒေသခံတစ်ချို့က ပြောပါတယ်။
“ ဝါးဈေးတွေတက်သွားတယ်၊ ရှာမရတော့ဘူး။ မရှိမဲ့၊ရှိမဲ့ဟာလေးတွေနဲ့ ဝယ်လို့ရတယ်။ ဒါပေမဲ့ ဈေးတွေတက်နေတော့၊ အခက်အခဲတွေရှိနေတယ်။ ဒီလိုမျိုးစျေးတွေတက်နေတာကို သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုက ထိန်းပေးစေချင်တာ။ ဥပမာ- AA လို အဖွဲ့အစည်းတွေက ထိန်းသိမ်းပေးစေချင်တာ” လို့ မြောက်ဦးဒေသခံတစ်ဦးကပြောပါတယ်။
“မိုခါ”မုန်တိုင်းဘေးကရှောင်ဖို့ မြောက်ဦးမြို့ပေါ်ကို ကျေးရွာတွေက ဒေသခံတွေ၊ စစ်တွေ၊ကျောက်တော်လိုအခြားမြို့နယ်က သူတွေအပါအဝင် လူပေါင်း ၂၀,၀၀၀ ကျော်လောက် ခိုလှုံခဲ့ပြီး အဲဒီအထဲက တစ်ဝက်လောက်က မုန်တိုင်းကြောင့် နေအိမ်တွေပျက်စီးသွားတဲ့အတွက် ဒီနေ့အထိ မပြန်နိုင်ကြသေးဘူးလို့ မြောက်ဦးဒေသခံတစ်ချို့က ရှင်းပြပါတယ်။
တစ်ချို့ အိမ်ပြန်ဆောက်ဖို့ လုပ်ပေမယ့် ရှိတဲ့ငွေရင်းနဲ့ ဈေးနှုန်းကို လိုက်မမီတာကြောင့် ခိုလှုံနေရာမှာ ဆက်နေကြရတယ်လို့ သူတို့ကဆိုပါတယ်။
သွပ်ရိုက်တဲ့သံတစ်ပိဿာဈေးနှုန်းဟာ မုန်တိုင်းမဝင်ခင်က ၇,၅၀၀ ကျပ် သာရှိရာကနေ အခုတော့ ကျပ် ၇၀,၀၀၀ ဝန်းကျင် ဈေးပေါက်နေတယ်လို့ ဆိုကြပါတယ်။ ယခင်က ဝါးအလုံးတစ်ရာကို ၃၅,၀၀၀ ကျပ်ရှိရာကနေ အခုမြောက်ဦးမှာ ၇၀,၀၀၀ ကျပ်နီးပါးနဲ့ နှစ်ဆဈေးတက်နေတယ်လို့ ဆိုပါတယ်။
အိမ်မိုးသွပ်တစ်ချပ်ကို အခု ကျပ် ၄၀,၀၀၀ ဝန်းကျင်အထိ ဈေးပေါက်နေပြီး ဓနိအချပ် တစ်ထောင်ကို ကျပ် ၃၀,၀၀၀ ဖြစ်နေပြီလို့ မြောက်ဦးဒေသခံတစ်ချို့က ရှင်းပြပါတယ်။
“AAကတော့ စျေးမတင်ဖို့ဆိုပြီး ပြောထားတာတွေ ရှိတယ်။ ဒါပေမဲ့ စီးပွါးရေးသမားတွေကတော့ သူတို့နည်း၊သူတို့ဟန်နဲ့ရောင်းမယ့် အနေအထားမှာ ရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြို့ပေါ်မှာ ဖုန်းလိုင်းတစ်ချို့ပြန်ရလာပေမယ့် ကျေးလတ်တွေမှာတော့ အခုထိ ဖုန်းလိုင်းပြတ်တောက်ဆဲဖြစ်တယ်လို့ မြောက်ဦးဒေသခံတစ်ချို့က ဒီနေ့လယ်ပိုင်းကပြောပါတယ်။
မေ ၁၄ ရက်က ရခိုင်ပြည်နယ်ကို စတင်ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်ရဲ့ သုံးပုံတစ်ပုံလောက် ပျက်စီးသွားတယ်လို့ ဒေသတွင်း အကူအညီပေးနေတဲ့ အဖွဲ့တွေက ခန့်မှန်းကြပါတယ်။
အင်အားပြင်းဆိုက်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ရခိုင်ပြည်နယ်ဟာ အဆိုးရွားဆုံး ထိခိုက်ပျက်စီးခဲ့ပြီး စပါးစိုက်ခင်းတွေ၊ မွေးမြူရေကန်တွေ၊ ကျွဲ၊နွား၊ဝက် စတဲ့ အိမ်မွေး တိရိစ္ဆာန်တွေ အပါအဝင် နေအိမ်တွေပျက်စီးပြီး ရာနဲ့ချီတဲ့ လူသေဆုံးမှုတွေလည်း ရှိတယ်လို့ ဒေသခံ သတင်းဌာနတွေက ဖော်ပြတယ်။
စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်လေးခုကို သဘာဝဘေးကျရောက်တဲ့ ဒေသအဖြစ် ကြေညာ ထားပြီး ဒီမုန်တိုင်းကြောင့် လူ ၂၁ ဦးသေဆုံးခဲ့ကာ တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ လူနေအိမ်အပါအဝင် အဆောက်အအုံပေါင်း ၁၁,၀၀၀ ကျော်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ- မိုခါကြောင့်ပျက်စီးသွားတဲ့မြောက်ဦးမြို့နယ်အတွင်းရှိအဆောက်အဦတစ်လုံး
Photo – Khin Maung San
#Dailynews

