ရန်ကုန်- ၂၀၂၃၊ မေ ၁၆ (မော်ကွန်း)
ဆိုက်ကလုန်းမိုခါကြောင့် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခြမ်းက မြို့ရွာ တွေ ကြေမွပျက်စီးကြပေမယ့် ရှေးဟောင်းမြို့တော်မြောက်ဦးက စေတီပုထိုးတွေကတော့ အထိအခိုက်သိပ်မရှိခဲ့ဘူးလို့ မြောက်ဦးမြို့အခြေစိုက်ရှေးဟောင်းချစ်သူများအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ အထိအခိုက်ကြီးကြီးမားမားမရှိပါဘူး။ ဘုရားတွေပေါ်မှာထီးတင်ထားတာတွေ ဘာတွေတော့ ပြုတ်ကျတာ ရှိတယ်။ ကိုးသောင်း ဘုရားမှာတော့ ခေါင်မိုးတွေ ပြုတ်ကျတယ်” လို့ သူက အခြေအနေကို ပြောပါတယ်။
ကြီးမားတဲ့ပျက်ဆီးမှုတွေ ရှေးဟောင်းနယ်မြေမှာ မရှိခဲ့ပေမယ့် မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာတဲ့အတွက် ရှေးဟောင်းဘုရားစေတီတွေအနီးက တောင်ကုန်းတွေမှာ မြေပြိုမှုတွေဖြစ်တာ၊ ရှေးဟောင်းနန်းတော်ရာကုန်းမှာ အုတ်ရိုးပြိုတာတွေတော့ရှိခဲ့တယ်လို့ အထက်ပါပုဂ္ဂိုလ်က ဒီနေ့ နေ့လယ်ပိုင်းကပြောပါတယ်။
မြောက်ဦးရှေးဟောင်းနယ်မြေမှာ ထင်ရှားတဲ့ ပုထိုးစေတီတွေကတော့ ကိုးသောင်းပုထိုးတော်ကြီး၊ သျှစ်သောင်းပုထိုးတော်ကြီး၊ ထုက္ကန်သိမ်၊ အံတော်သိမ်၊ မာန်ငါးပါးပုထိုးတော်ကြီး စတဲ့ ဘုရားတွေဟာ လူသိများပါတယ်။
မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ ၂၀၂၁ ဒီဇင်ဘာ ၃၀ မှာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ထံ တင်သွင်းခဲ့ပြီး ဒီနှစ်ဇွန်လအတွင်း ပြင်သစ်နိုင်ငံ၊ပါရီမြို့မှာ ပုံမှန်ကျင်းပမယ့် UNESCO အစည်းအဝေးမှာ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်၊မဝင် ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
မိုခါမုန်တိုင်းကြောင့် မိုးကြီး၊ရေလျှံ ဖြစ်ခဲ့တဲ့အတွက် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိုနယ်ထဲက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသဖြစ်တဲ့ ပုဂံရှေးဟောင်းနယ်မြေမှာတော့ ရှေးဟောင်းဘုရားစေတီတွေ၊ ရေဝင်နစ်မြုပ်တာတွေ ရှိခဲ့တယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။
#Dailynews

